အမ်းမြို့ ကဇူးကိုင်းဗျူဟာကုန်းတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီပစ်ခတ်မှုကြောင့် ဒေသခံများထိခိုက်

By ဓါတု(မဇ္ဈိမ)
13 December 2023
အမ်းမြို့ ကဇူးကိုင်းဗျူဟာကုန်းတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီပစ်ခတ်မှုကြောင့် ဒေသခံများထိခိုက်

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ကဇူးကိုင်းဗျူဟာကုန်းတွင်  ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူများပါ တန်ပြန်တိုက်ခိုက်နေကြောင်း အနီးနားရှိဒေသခံများထံက သိရသည်။

အဆိုပါ အမ်းမြို့ မှ မိုင် ၂၀ အကွာတွင်ရှိသည့် စစ်ရဟတ်ယာဥ်ကွင်းပါ ကဇူးကိုင်းတောဟိန်းတောင်ဗျူဟာကုန်းတွင် ခြေကုပ်ယူထားသော စစ်ကောင်စီတပ်စခန်းအား  ရက္ခိုင့်တပ်တော်မှ ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက် နေ့လယ် ၂ နာရီမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ဒီဇင်ဘာလ ၁၃ ရက် လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။

"အရင်ရက်တွေက တိုက်ပွဲမရှိလည်း စစ်ကောင်စီက အဲ့ဒီ ကဇူးကိုင်းတောင်ကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်း ရွာထဲတွေထုနေတော့ အရပ်သားထိခိုက်သေဆုံးတာတွေရှိတော့ အဲ့ဒီကုန်းကို မနေ့ကစတိုက်တာ  ရက္ခိုင့်တပ်တော်ဘက်က ထိုးစစ်ဆင်တာ မနေ့ကညဘက်တွေ ဂျက်လေယာဥ်နဲ့ နှစ်ခေါက်ဗုံးကြဲတာတွေရှိတယ်၊ မနေ့ကတည်းက စတာ၊ အခုချိန်(ဒီဇင်ဘာလ ၁၃ ရက်နေ့ခင်း)ထိမနားတမ်းဖြစ်နေတယ်"ဟုအမ်းမြို့ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

ထို့အပြင် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများကိုပါ လက်နက်ကြီးများဖြင့် ယနေ့ နံနက်ပိုင်းမှ ညနေခင်း ၃ နာရီအထိ ပစ်ခတ်မှုကြောင့် ဒေသခံများထိခိုက်မှုရှိရာ ယနေ့နံနက် ၁၁ နာရီတွင် ဒလက်ချောင်း(ရွာဟောင်း) ကျေးရွာခံ အသက် ၅၄ နှစ်အရွယ် ဦးမောင်ကြည်ထိခိုက်ဒဏ်ရာပြင်းထန်ရရှိကြောင်း အမ်းမြို့ခံတဦးက ဆိုသည်။

"အခုလဲ AA ဘက်ပစ်ရင် ရွာကိုပစ်စရာအကြောင်းမရှိဘူးလေ၊ မဆိုင်တဲ့အရပ်သားတွေရှိတဲ့ဘက် လှမ်းပစ်နေတာ၊ ဒလက်ချောင်းဘက်က ထိတာတွေရှိတယ်၊ အခု လောလောဆယ် စာရင်းရထားတာကတော့ အရပ်သား ဦးမောင်ကြည် ထိခိုက်ပြင်းထန် ဒဏ်ရာရထားတယ်"ဟု ၎င်းကပြောသည်။

အဆိုပါထိတွေ့တိုက်ပွဲပြင်းထန်နေသည့် ဒလက်ချောင်းကျေးရွာများနှင့် ကဇူးကိုင်းကျေးရွာတွင် ရွာပေါင်း ၅၀ ကျော်၌ နေထိုင်ကြသည့် ဒေသခံ ၆,၀၀၀ ဦးရေကျော်မှာ ဘေးလွတ်ရာချောင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

လက်ရှိတိုက်ပွဲအခြေအနေနှင့်ပက်သတ်၍ ရက္ခိုင့်တပ်တော် (AA)မှပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား မဇ္စျိမက ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရသေးပေ။

ပြီးခဲ့သည့် ရက်သတ္တပတ်က ယင်းဒေသတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်မှ နိုဝင်ဘာလ ၁၃ ရက်မှစ၍ နေ့စဥ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုများကြောင့် အဆိုပါအမ်းမြို့နယ်ထဲရှိ ဒလက်ချောင်းအနောက်ရွာ၊ ဒလက်ချောင်း တောင်ရွာ၊ ဒလက်ချောင်း မြောက်ရွာ၊ အလယ်ကျွန်းရွာနှင့် သဲကမ်းထောင်းကျေးရွာ စသည့်ကျေးရွာများတွင် အရပ်သား နှစ်ဦးသေဆုံးပြီး  ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း အမ်းမြို့ခံများထံက သိရသည်။

လက်ရှိအမ်းမြို့တွင် စစ်ကောင်စီ၏ ကုန်းကြောင်း၊ ရေကြောင်းပိတ်ဆို့မှုကြောင့် မြို့အတွင်းစက်သုံးဆီပြတ်လပ်သွား၍ ဆက်သွယ်ရေးတာဝါတိုင်များ ဆီကုန်ခမ်းနေသဖြင့် အောပရေတာလိုင်းများ ပြတ်တောက်သွားပြီး Mytel တခုသာရနေကြောင်း ဒေသခံများထံမှသိရသည်။

ချင်း-ရခိုင်နယ်စပ် ပလက်ဝဒေသရှိ စစ်ကောင်စီ၏" တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ” ကုန်းကြီးနှစ်ခုအား ရက္ခိုင့်တပ်တော် (AA)မှ သိမ်းပိုက်ရရှိခဲ့ပြီးနောက်  ရခိုင်ပြည်နယ်အတွင်း တပိုင်းတစ သိမ်းပိုက်ရန် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကြောင်း ဒီဇင်ဘာလ ၁၁ရက် ညပိုင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၈အချိန်ခန့်မှစ၍ အမ်းမြို့အပါအဝင် ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်များ၌ရှိသည့် စစ်ကောင်စီတပ်စခန်းအချို့မှ မြို့အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီးလက်နက်ငယ်များအပြင် လေကြောင်းနှင့်ရေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို တရက်အတွင်းပြုလုပ်ခဲ့ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့မှ ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly