ဂါဇာတွင် အပစ်အခတ်ရပ်စဲ‌ရေး ကုလ တောင်းဆို

By ရိုက်တာ
13 December 2023
ဂါဇာတွင် အပစ်အခတ်ရပ်စဲ‌ရေး ကုလ တောင်းဆို
Photo-AFP

ဂါဇာကမ်းမြှောင်တွင် လူသားချင်းစာနာမှုအတွက် ချက်ချင်းလက်ငင်း အပစ်အခတ်ရပ်စဲရေးကို ကုလသမဂ္ဂက တောင်းဆိုလိုက်စဉ် အစ္စရေးသည် ဟားမတ်စ်အပေါ် စစ်ဆင်နွှဲမှု၌ သံတမန်ရေးရာ တိုးမြင့်အထီးကျန်မှုနှင့် ရင်ဆိုင်နေရသည်။ တချိန်တည်းမှာပင် အရပ်သားများအပေါ် “အဆင်အခြင်မဲ့” ဗုံးကြဲခြင်းက နိုင်ငံတကာ ထောက်ခံမှုကို အထိနာစေကြောင်း ကာလကြာ မဟာမိတ်ဖြစ်သည့် အစ္စရေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။

ဂါဇာ၌ ပို၍ ပို၍ ကြီးမားလာသည့် လူသားချင်းစာနာမှု အကျပ်အတည်းနှင့်ပတ်သက်ပြီး ကုလအရာရှိများထံမှ အထူးတလည် သတိပေးမှုများထွက်ပေါ်ပြီးနောက် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုသည့် ဆုံးဖြတ်ချက်တရပ်ကို ဒီဇင်ဘာ ၁၂ ရက်က အတည်ပြုခဲ့သည်။ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံ လေးပုံသုံးပုံခန့်က ထောက်ခံမဲပေးခဲ့ကြသည်။

“ဟားမတ်စ်တို့အပေါ် အနိုင်ယူတဲ့ အဖိုးအခက ပါလက်စတိုင်း အရပ်သားအားလုံး ဆက်လက် ထိခိုက်ခံစားရတာမျိုး ဖြစ်လို့ မရပါဘူး” ဟု ကနေဒါ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့၏ ခေါင်းဆောင်များက အပစ်ရပ်ရေး တောင်းဆိုသည့် ပူးတွဲကြေညာချက်တရပ်တွင် ပြောသည်။

ဆုံးဖြတ်ချက်ကို ပါလက်စတိုင်း အာဏာပိုင်တို့က ကြိုဆိုပြီး ယင်းကို လိုက်နာစေရေး အစ္စရေးကို ဖိအားပေးရန် နိုင်ငံများကို တိုက်တွန်းသည်။ အစ္စရေးအနေဖြင့် “မိမိတို့ ပြည်သူများအပေါ် ရန်လိုတိုက်ခိုက်မှုနှင့် လူမျိုးတုံးသတ်မှု” ကို ရပ်ဆိုင်းသင့်ပြီဟု အဝေးရောက် ဟားမတ်စ်အရာရှိတဦးဖြစ်သည့် အစ်ဇက် အယ်လ်-ရက်ရှစ်က တယ်လီဂရမ်မှ ထုတ်ပြန်ချက်တခုတွင် ပြောသည်။

အပစ်ရပ်မှုက ဟားမတ်စ်တို့ကိုသာ အကျိုးရှိစေရုံဖြစ်လိမ့်မည်ဟု ပြောဆိုထားသည့် အမေရိကန်နှင့် အစ္စရေးတို့က အခြားနိုင်ငံ ရှစ်နိုင်ငံနှင့်အတူ ယခု ဆောင်ရွက်ချက်ကို ဆန့်ကျင်မဲပေးခဲ့ကြသည်။

“အပစ်ရပ်စဲမှုက တခုတည်းကိုပဲ အဓိပ္ပါယ်ထွက်ပါတယ်။ အဲဒါကတော့ ဟားမတ်စ်တွေ ရှင်သန်ရပ်တည်မှုကို သေချာစေတာ၊ အစ္စရေးနဲ့ဂျူးတွေကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်ထားတဲ့ လူမျိုးတုံးသတ်တဲ့ အကြမ်းဖက်သမားတွေကို ဆက်လက်ရှင်သန်ရပ်တည်စေတာပဲဖြစ်တယ်” ဟု ကုလဆိုင်ရာ အစ္စရေးသံအမတ် ဂီလတ် အာဒန်က မဲပေးမှုမတိုင်မီ ပြောသည်။

အစ္စရေးသည် လက်ရှိအချိန်တွင် ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့အပေါ် တိုက်ခိုက်မှုအတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံအများစုထံမှ ထောက်ခံမှု ရထားသည်ဟု ကုလအထွေထွေညီလာခံ ဆုံးဖြတ်မှုမတိုင်မီ ဘိုင်ဒင်က ပြောသည်။

“ဒါပေမယ့် သူတို့ဟာ အဆင်အခြင်မဲ့ ဗုံးကြဲမှုတွေကြောင့် အဲဒီထောက်ခံမှုကို စတင်ဆုံးရှုံးနေရပြီ” ဟု ဘိုင်ဒင်က ဝါရှင်တန်ရှိ အခမ်းအနားတခုတွင် ပြောသည်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု အနေဖြင့် သူ၏ တရားသေ အယူစွဲကိုင်သည့် အစိုးရကို အပြောင်းအလဲ လုပ်ရန်လိုကြောင်း၊ အဆုံးစွန်တွင် အစ္စရေးအနေဖြင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံတခုကို “နိုး” ဟု ပြော၍ မရနိုင်ကြောင်း ဘိုင်ဒင်က ပြောကြားပြီး ယင်းသည် ခေါင်းဆောင်များအကြား လက်ရှိအချိန်အထိ လူသိရှင်ကြားအဖြစ်ဆုံး သဘောကွဲလွဲမှု လက္ခဏာရပ်တခုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly