နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၃ ဒီဇင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၃ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (EROs) ခေါင်းဆောင်များ အားလုံးနီးပါးတွင် “ပြည်ထောင်စု စိတ်ဓာတ်” ရှိပြီး တော်လှန် ပြည်သူများနှင့်အတူ တော်လှန်ရေးအဖွဲ့များ ရှေ့ဆက်ချီတက်နေ ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏လူမှုကွန်ရက်တွင် ‌ရေးသားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ကျရောက်သည့် ၂၁၁၈ ခုနှစ်မြောက် ရှမ်းတိုင်းရင်းသား တို့၏ နှစ်သစ်ကူးအခါသမယမှာ ရှမ်းတိုင်းရင်းသားများအားလုံး လုံခြုံဘေးကင်းပြီး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေဟု သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၌ မြို့နယ်အတွင်း အခွန်မူဝါဒများနှင့်အညီ အခွန်ကောက်ခံနိုင်ရေး အတွက် ဒီဇင်ဘာ ၁၁ ရက်မှာ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ်  ကို ဒီဇင်ဘာ ၁၂ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းတွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး ကို ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းအား ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်အစောပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အောင်မြင်စွာသိမ်းပိုက်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၂) စစ်ဒေသ၏ ဒုတိယ စစ် ဒေသခွဲမှူး၊ ရဲဘော်တင်ဦးက မဇ္ဈိမကို အတည်ပြု ပြောသည်။

ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဘုရားငါးဆူ ကင်းစခန်းကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း တပ်ဖွဲ့က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)​၏ PVTV သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ မင်းတိုင်ပင် ကျေးရွာအနီးက NUGကြားကာလတရားစီရင်ရေး တရားရုံးကို ဒီဇင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းအချိန်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံ လိုက်ရကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ကရင်နီပြည်နယ် မြို့တော် လွိုင်ကော်မြို့၏ သုံးပုံနှစ်ပုံလောက်ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပြီး လက်ရှိ လွိုင်ကော်တွင် စစ်ကောင်စီတပ်သားများသည် ခံစစ်အနေအထားပဲ ရှိတော့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ မော်လူးမြို့ကို KIA ၊ PDF ၊ ABSDF အပါအဝင် တော်လှန်ရေး တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ABSDF မြောက်ပိုင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအုပ်စုရှိ ပန်းချီကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀ကျော် ပြာကျခဲ့ပြီး ကျေးရွာအချို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပျူစောထီးကျေးရွာသို့ ရဲအင်အားလာဖြည့်သော စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ဗိုလ်နှင့်ရဲအချို့ ထိခိုက်သေဆုံးကြောင်း FIRE Dragon (KU)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၃)ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီစွန့်ခွာသွားသည့် ကွန်ဖဲ့တပ်စခန်းမှ ရရှိသည့် ရိက္ခာများကို ပြည်သူများထံ ပေးအပ်ခဲ့ သည်ဟု KNLAနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ထုတ်ပြန်သည်။

မကွေးတိုင်း၊ မြိုင်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ကော့လိပ်ရပ်ကွက်တွင် ရှိသော ကြံ့ဖွတ် ပါတီမှ ယခင် တနင်္သာရီတိုင်းအစိုးရ၊ ဝန်ကြီးဟောင်း ပျူစောထီးခေါင်းဆောင် သိန်းလွင်၏ နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် ငါးဇွန်မြို့နယ်ရှိ Mytel တာဝါတိုင် ၂ ခုကို မိုင်းခွဲ ရှင်းလင်း လိုက် ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

မြန်မာပြည်သူလူထုတရပ်လုံးမျှော်လင့်တောင့်တနေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည့်သွားမည်မဟုတ်ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ညတွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊ ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့်အရပ်သားသေဆုံးမှုရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က သတင်းထုတ်ပြန်သည်။

ရှမ်းမြောက် နမ့်ခမ်း စခန်းသစ် စစ်ကောင်စီတပ်စခန်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့် စစ်ကူအင်အားများကို တအာင်းတပ်မတော်(TNLA)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားခဲ့ကြောင်း TNLAက သတင်းထုတ် ပြန်သည်။

ပဲခူးတိုင်း ၊ဖြူးမြို့နယ်ရှိ ညောင်ပင်သာနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)/ပြည်သူ့ကာကွယ်ရေးတပ် (PDF)ပူးပေါင်းတပ်ဖွဲ့များက ယနေ့(ဒီဇင်ဘာ ၁၃ရက်) နံနက်တွင်ဘတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်း၌ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူ တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် သုံးဦးကို KIA က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် အခြေစိုက် Dawei Watch သတင်းသမား နှစ်ဦးကို ဒီဇင်ဘာ ၁၁ ရက်နေ့  ညသန်းခေါင်အချိန် နေအိမ်တွင် စစ်ကောင်စီက အဖွဲ့ပေါင်းစုံနှင့်အတူ လာရောက်ဖမ်းဆီး သွား ကြောင်း မိသားစုဝင်များထံမှ သိရသည်။

မြန်မာ-တရုတ်နယ်စပ်တွင် ငြိမ်းချမ်းရေး မရရှိစေရန် တရုတ်နိုင်ငံအကူအညီဖြင့် MNDAA၊ TNLA ၊ AA အဖွဲများနှင့်နိုင်ငံရေးအရဖြေရှင်း ဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများကို အဖျက်သဘော ဆောင်သည့် ထုတ်လွှင့်နေမှုများ တွေ့ရကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။

တီမောလက်စ်တေနိုင်ငံသမ္မတ၏ ပြောဆိုချက်များမှာ သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေး နှင့်အချုပ် အခြာအာဏာကို ဖောက်ဖျက်ရာကျပြီး NUG အငှားသဘောမျိုး ဖြစ်သောကြောင့် သမ္မတဈေး ကျဟု ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ၏ပြောဆိုချက်ကို စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။

အရှေ့တီမောသမ္မတ၏ မြန်မာ့အရေးပြောကြားချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏သမိုင်းကို ဦးစွာသိအောင်ပြုလုပ်သင့်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူတစ်ဦးက တုံ့ပြန်ပြောကြားလိုက်ကာ တီမောသမ္မတ၏ မြန်မာ့အရေးစွက်ဖက်မှုနှင့်ပတ်သက်၍ လက်မခံကြောင်း စစ်ကောင်စီမှ တုံ့ပြန်သည်။

ဒီဇင်ဘာ ၁၃ သုံးသပ်ချက်

အရှေ့တီမောသမ္မတ၏ ပြောဆိုချက်များက စစ်ကောင်စီအရှိုက်ကိုထိသွားသည့်အတွက် ယနေ့ စစ်ကောင်စီထုတ်သတင်းစာများနှင့်သတင်းများတွင် တီမောသမ္မတကို တိုက်ခိုက်ပြစ်တင်သည့် သတင်းများဆောင်းပါးများ သုံးသပ်ချက်များပုံစံဖြင့် ပြန်လည်တုံ့ပြန်ထားသည်ကို တွေ့ရသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီက တရုတ်နိုင်ငံအားကိုးဖြင့် စစ်ပွဲများရပ်တန့်အောင် ဆွေးနွေးပွဲများ ပြုလုပ်နေပြီဟု ဝါဒဖြန့်နေသော်လည်း ယင်းဆွေးနွေးပွဲသည် မအောင်မြင်ခဲ့ဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ မြို့များစခန်းများ ထပ်မံအသိမ်းခံနေရသည်။ယခင်က သတင်းထုတ်ပြန် ရာတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို ချိုးချိုးနှိမ့်နှိမ့်ပြောဆို ထုတ်ပြန်သော်လည်း ယခုအခါ မဟာမိတ်များအကြောင်းမပါတော့ဘဲ မီဒီယာများသည် တွေ့ဆုံဆွေးနွေးမှုများကို အဖျက်သဘော ဆောင်သည့် ထုတ်လွှင့်နေသည်ဟု စစ်ကောင်စီဝါဒဖြန့်ခေါင်းဆောင်က မီဒီယာများအပေါ် အပြစ်ပုံ ချလာပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required