တော်ဝင်မိသားစု စော်ကားမှုစွဲချက်များဖြင့် ထိုင်းလွှတ်တော်အမတ် ထောင်ဒဏ် ၆ နှစ် ချခံရ

တော်ဝင်မိသားစု စော်ကားမှုစွဲချက်များဖြင့် ထိုင်းလွှတ်တော်အမတ် ထောင်ဒဏ် ၆ နှစ် ချခံရ
Photo (nanaicez/Instagram pic)

ထိုင်းတွင် တော်ဝင်မိသားစုကို စော်ကားမှု စွဲချက်များဖြင့် တိုးတက်ဝါဒီ ရှေ့သို့ချီ (MFP) ပါတီမှ ဥပဒေပြုအမတ်တဦးကို တရားရုံးတခုက ဒီဇင်ဘာ ၁၃ ရက်တွင် ထောင်ဒဏ်ခြောက်နှစ် ချမှတ်လိုက်သည်။

လွှတ်တော်အမတ် ရွတ်ခ်ချာနွတ် စရီနော့ခ်သည် အိတ်စ် (ယခင် တွစ်တာ) ဆိုရှယ်မီဒီယာတွင် မက်ဆေ့ချ်နှစ်ခု ပြန်တင်ခြင်းအတွက် တော်ဝင်စော်ကားမှု ဥပဒေနှင့် ကွန်ပြူတာ ပြစ်မှုများ အက်ဥပဒေတို့ ချိုးဖောက်မှုဖြင့် အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

MFP ပါတီသည် မေလ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံး အနိုင်ရသော်လည်း နိုင်ငံ၏ တင်းကျပ်သော တော်ဝင်အသရေဖျက်မှု ဥပဒေများကို ပြုပြင်ပြောင်းလဲမည်ဆိုသည့် ပါတီ၏ ကတိပြုချက်အပေါ် ဆန့်ကျင်သည့် ရှေးရိုးစွဲ အစုအဖွဲ့များက MFP ပါတီ အစိုးရဖွဲ့စည်းခြင်းအပေါ် ပိတ်ဆို့တားမြစ်ခဲ့သည်။

“ရွတ်ခ်ချာနွတ်ဟာ တော်ဝင်အသရေဖျက်မှု စွဲချက်နဲ့ ထောင်သုံးနှစ်၊ ကွန်ပြူတာ ပြစ်မှုများ အက်ဥပဒေ စွဲချက်နဲ့ ထောင်သုံးနှစ် ချမှတ်ခံရတာဖြစ်တယ်” ဟု MFP ခေါင်းဆောင် ချိုင်သာဝတ် တူလက်သွန်းက အေအက်ဖ်ပီကို ပြောသည်။

ယင်းနောက်ပိုင်း စွဲချက်များနှင့် ပြစ်ဒဏ်တို့ကို အတည်ပြုသည့် ထုတ်ပြန်ချက်တရပ်ကို တရားရုံးက ထုတ်ပြန်သည်။

အသက် ၂၉ နှစ်ရှိ ရွတ်ခ်ချာနွတ်ကို ဘတ် ၅၀၀,၀၀၀ (ဒေါ်လာ ၁၄,၀၀၀) အာမခံငွေဖြင့် အာမခံပေးထားကြောင်း တရားရုံးက ပြောသည်။

ရွတ်ခ်ချာနွတ်သည် မေလရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးချိန်က ဘန်ကောက်မြို့၏ ယာဉ်အသွားအလာ ပိတ်ဆို့သော လမ်းများပေါ်တွင် စက်ဘီးစီးရင်း လူသိများခဲ့သူဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဘုရင် မဟာဝီဇယလောင်ကွန်းနှင့် မိသားစုကို ဝေဖန်ပုတ်ခတ်ခြင်းမှ အကာအကွယ်ပေးထားသည့် ကမ္ဘာ့အတင်းကျပ်ဆုံး ဥပဒေတချို့ ရှိသည်။ သို့သော် အမြင်သဘောကွဲလွဲသူများကို အသံတိတ်စေရန် ထိုဥပဒေများကို လက်နက်သဖွယ်အသုံးပြုထားခဲ့သည်ဟု ဝေဖန်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required