မုန်တိုင်းအရှိန်ကြောင့် ဒေသ ၈ ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

မုန်တိုင်းအရှိန်ကြောင့် ဒေသ ၈ ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်
ဓာတ်ပုံ - မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ။          ။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် ပြောင်းလဲ လာနေပြီး ယင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ၏ ဒေသ ၈ ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

မိုးရွာသွန်းနိုင်သည့် ဒေသများသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ ရွာသွန်းမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်းသည် အားကောင်းသော မုန်တိုင်းကြီးဖြစ်သော်လည်း မြန်မာနိုင်ငံဘက်သို့ ရွေ့လျားလာမည်မဟုတ်သောကြောင့် အဝါရောင်အဆင့်အဖြစ် မိုး/ဇလ က သတ်မှတ်ထားသည်။

လက်ရှိအချိန်တွင် မုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့မြောက်ဘက် မိုင်(၁၇၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် (၈၅)မိုင်ခန့်၊ ကာကီနာဒါမြို့(Kakinada) ၏ တောင်ဘက်မိုင်(၁၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုး/ဇလ က ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လယ်၁၂ နာရီ အချိန်တွင် သတင်းထုတ်ပြန်ထားသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာ ပရာဒေ့ရှ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကာ အမြင့်ဆုံး လေတိုက်နှုန်းသည် တစ်နာရီလျှင် (၆၅) မိုင် ဖြစ်သည်။

မုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။ ထို့အပြင် လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်ဟု မိုး/ဇလ က သတင်းထုတ်ပြန်ထားသည်။

ယင်းအတွက်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှိနေသည့်  ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုပါဟုလည်း မိုး/ဇလ က သတိပေး ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly