ဆိုင်ကလုန်းဒဏ်သင့် မြန်မာကို လူသားချင်းစာနာမှုအကူအညီ အင်ဒိုနီးရှား ပေးပို့မည်

ဆိုင်ကလုန်းဒဏ်သင့် မြန်မာကို လူသားချင်းစာနာမှုအကူအညီ အင်ဒိုနီးရှား ပေးပို့မည်
Photo-AFP

မကြာသေးခင်က ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခြင်းကို ခံခဲ့ရသည့် မြန်မာနိုင်ငံထံ အင်ဒိုနီးရှားအစိုးရက လူသားချင်းစာနာမှု အကူအညီ ပေးပို့မည် ဖြစ်ကြောင်း အင်ဒိုနီးရှား၏ ယဉ်ကျေးမှုရေးရာနှင့် လူသား ဖွံ့ဖြိုးရေးဆိုင်ရာ ညှိနှိုင်းချိတ်ဆက်ရေး ဝန်ကြီး မူဟာဒ်ဂျီ အီဖန်ဒီက ဇွန်လ ၁၄ ရက်တွင် ပြောသည်။

“ပြီးခဲ့တဲ့ မေလမှာ သဘာဝဘေးဒုက္ခဆိုးဒဏ်သင့်ခဲ့တဲ့ မြန်မာအတွက် အင်ဒိုနီးရှားအစိုးရက လူသားချင်းစာနာမှု အကူအညီ ပေးအပ်သွားပါမယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

အကူအညီ၏ အာရုံစိုက်မှုက အရေးပေါ်အခြေအနေမှ ပြန်လည်နာလန်ထူမှုဆီ ကူးပြောင်းရာတွင် သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို ထောက်ကူပံ့ပိုးရန် ဖြစ်သည်ဟု အင်ဒိုနီးရှားဝန်ကြီးက ပြောသည်။

အကူအညီပေးအပ်မှုတွင် ပြန်လည်တည်ဆောက်ရေး၊ အစားအစာနှင့် အာဟာရ အထောက်အပံ့တို့အပြင် သန့်ရှင်းသော ရေ၊ မိလ္လာစနစ် အပါအဝင် မုချလိုအပ်သော ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ နှင့် ကူးစက်ရောဂါများကို လျင်မြန်စွာ တုံ့ပြန်ရေးတို့ ပါဝင်လိမ့်မည် ဖြစ်သည်။

“မြန်မာကို အကူအညီ ပေးအပ်မယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့ သမ္မတ ဂျိုကိုဝီရဲ့ လမ်းညွှန်ချက်တွေကို ဆက်လက်ဖော်ဆောင်ဖို့အတွက် ဒီအကူအညီကို ပေးအပ်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၃ ၊ ဇွန်လ ၂၆ ရက်တွင် မြန်မာသို့ ပေးပို့သွားမည့် ယခုအကူအညီသည် ရူပီးရား ၇ ဘီလီယံခန့် တန်ဖိုးရှိသည့် ရုပ်ပိုင်းဆိုင်ရာ အကူအညီပုံစံဖြင့် ပေးပို့မည် ဖြစ်သည်။

အင်ဒိုနီးရှားသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ကို ထည့်တွက်မည်ဆိုပါက ယခု အင်ဒိုနီးရှား၏ အကူအညီက အလွန်ပင် မဟာဗျူဟာကျမည်ဖြစ်ကြောင်း အီဖန်ဒီက ပြောသည်။

“ဒါ့အပြင် အင်ဒိုနီးရှားဟာ လက်ရှိမှာ အာဆီယံဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီ အကူအညီ ထောက်ပံ့ရာမှာ အင်ဒိုနီးရှားရဲ့ ရပ်တည်ချက်က အင်မတန် မဟာဗျူဟာကျပါတယ်” ဟု ၎င်းက ပြောသည်။

Indonesia to send humanitarian aid to Myanmar: Minister
https://en.antaranews.com/news/285093/indonesia-to-send-humanitarian-aid...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly