မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများထံ အကူအညီ ပေးပို့ခွင့်အား စစ်ကောင်စီ ဆိုင်းငံ့

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများထံ အကူအညီ ပေးပို့ခွင့်အား စစ်ကောင်စီ ဆိုင်းငံ့
Photo-AFP

ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်က ပြည်သူ ထောင်ပေါင်းများစွာထံ ရောက်ရှိနိုင်ရေး ကြိုးပမ်းကြသည့် အကူအညီပေးရေး အလုပ်သမားများအတွက် ခရီးသွားခွင့်ပြုမိန့်ကို စစ်ကောင်စီက ဆိုင်းငံ့ထားကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ရုံးက သောကြာနေ့တွင် ပြောသည်။

မြန်မာနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ ရှိခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၁၄၈ ဦး သေဆုံးခဲ့သည်။

တိုင်းရင်းသား ပဋိပက္ခ ဆယ်စုနှစ်များကြာအပြီး ရွှေ့ပြောင်းစခန်းများ၌ နေထိုင်နေရသည့် ရိုဟင်ဂျာလူနည်းစု ဒုက္ခသည်များ ရှိနေရာ ရခိုင်ပြည်နယ်၌ မုန်တိုင်းကြောင့် အိမ်ခြေများ ပျက်စီးကာ ရေကြီးရေလျှံခဲ့သည်။

စစ်ကောင်စီ အာဏာပိုင်များသည် “လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းများအတွက် ရှိဆဲ ခရီးသွားခွင့်ပြုမိန့်”ကို ယခု သီတင်းပတ်တွင် ဆိုင်းငံ့လိုက်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ညှိနှိုင်းမှုရုံးက ထုတ်ပြန်ချက်၌ ဆိုသည်။

မတိုင်ခင်က စစ်ကောင်စီ၏ ခွင့်ပြုချက် ရထား၍ ဆိုင်ကလုန်းဒဏ်သင့် မြို့နယ်များသို့ အကူအညီများ ဖြန့်ဖြူးရေး အစီအစဉ်များကိုလည်း ပယ်ဖျက်ခံရကြောင်း ယင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုကဲ့သို့ ကန့်သတ်ခြင်းသည် ပြည်သူထောင်ပေါင်းများစွာထံ ရောက်ရှိမည့် အကူအညီ ပေးရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို ရပ်တန့်စေလိမ့်မည်ဟု ယင်းက ပြောသည်။

ထင်မြင်ချက်ပေးရန်အတွက် စစ်ကောင်စီ ပြောခွင့်ရသူထံ အေအက်ဖ်ပီက ဆက်သွယ်လျက် ရှိသည်။

ယခု ခရီးသွားကန့်သတ်ချက်သည် ရခိုင်ပြည်နယ်၌ လုပ်ကိုင်နေသော လူသားချင်း စာနာထောက်ထားရေး အဖွဲ့များအပေါ် သက်ရောက်သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

မုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံက ပြည်သူ ၁ ဒသမ ၆ သန်းအတွက် အရေးပေါ် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းကို ကုလသမဂ္ဂက ပြီးခဲ့သည့်လအတွင်း တောင်းခံထားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်က လူပေါင်း ၁၃၈,၀၀၀ အနည်းဆုံး သေဆုံးသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး၌ ယခင် စစ်အစိုးရသည် အရေးပေါ် အကူအညီများကို ပိတ်ဆို့ပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီများကို လက်ဦး၌ ငြင်းဆန်ခဲ့သည်ဟု စွပ်စွဲမှုများ ရှိခဲ့သည်။

နိုင်ငံတကာမှ အကူအညီ ကမ်းလှမ်းမှုများကို လက်ခံထားကြောင်း ပြီးခဲ့သည့်လက နိုင်ငံပိုင်မီဒီယာမှ ဖော်ပြခဲ့သည်။

“ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စုပေါင်းအင်အားဖြင့် လုပ်ကိုင်သွားရမည်”ဟု Global New Light of Myanmar သတင်းက ဖော်ပြသည်။

ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကျူးကျော်လာသူများ၏ သတ်မှတ်ခံရပြီး နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရကာ လွတ်လပ်စွာ သွားလာခွင့် မရှိသော ရိုဟင်ဂျာ ၆၀၀,၀၀၀ ခန့် နေထိုင်ကြသည်။

မုန်တိုင်းအတွင်း သေဆုံးသည် ၁၄၈ ဦးတွင် အများစုက ရိုဟင်ဂျာများဖြစ်သည်ဟု စစ်ကောင်စီအရ သိရသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.mizzima.com/article/un-says-myanmar-junta-halts-humanitarian...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly