စစ်တွေမြို့အနီး စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ  ၃၃ ဦးကို ဆက်လက်ရှာဖွေနေ

By ရောင်နီ (မဇ္စျိမ)
11 August 2023
စစ်တွေမြို့အနီး စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ  ၃၃ ဦးကို ဆက်လက်ရှာဖွေနေ
ပုံအညွှန်း- စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းကို သယ်ယူနေစဥ်။ (ဓာတ်ပုံ-ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ ပင်လယ်ပြင်တွင် စက်လှေနစ်မြုပ်မှုကြောင့်  ရိုဟင်ဂျာ ၃၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ဆက်လက်ရှာဖွေနေကြောင်း  ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့က မလေးရှားနိုင်ငံသို့သွားရောက်ရန် ရသေ့တောင်မြို့နယ်မှ ထွက်ခွာလာသော ရိုဟင်ဂျာ ၅၀ ဦး ထက်မနည်း လိုက်ပါလာသည့် စက်လှေသည် စစ်တွေမြို့ ဘာဆာရာကျေးရွာအနီးရှိ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းသို့ စက်လှေနစ်မြုပ်ခဲ့သည်ကို ဘာဆာရာကျေးရွာ ပင်လယ်ကမ်းစပ်တွင် အသက်ရှင်လျက် မျောပါလာသည့် အမျိုးသား ရှစ်ဦးနှင့် သေဆုံးနေသည့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို ဒေသခံများက တွေ့ရှိရာမှ တဆင့် သိရှိခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူများကို  ရှာဖွေကယ်ဆယ်နိုင်ရန် လုပ်ဆောင်ခဲ့ကြပြီး ယနေ့ သြဂုတ််လ ၁၁ ရက်နေ့အထိ ရိုဟင်ဂျာ ရုပ်အလောင်း ၁၇ လောင်းကို ပြန်လည်ဆယ်ယူထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

“ဒီနေ့တော့ ထပ်တွေ့တာ မရှိသေးဘူး ။ မနေ့ကအထိ တွေ့ထားတဲ့ ၁၇ လောင်းပဲ ရှိသေးတယ်။ ပျောက်နေတာ စုစုပေါင်း ၃၃ ယောက်ကျန်သေးတယ်” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ကိုဗျာလက မဇ္စျိမကို ပြောသည်။ 

စက်လှေနစ်မြုပ်မှုမှ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည်မှာ ငါးရက်ခန့် ရှိလာပြီ ဖြစ်သည့်အတွက် အသက်ရှင်ရန် မျှော်လင့်ချက် အလွန်နည်းပါးလာကြောင်းလည်း ၄င်းက ဆိုသည်။ 

“ကျန်တဲ့သူတွေက မတွေ့တာ ငါးရက်လောက်ရှိပြီ။ ရေထဲမှာ နစ်တဲ့ အခါကျ ဘယ်ကမ်းမှာတင်ပြီး ဘယ်သောင်မှာကပ်မလဲ သေချာမသိဘူး။ ဖြစ်ဖို့များတာက ဆုံးပါးဖို့ ပိုများတယ်။ တပတ်ပြည့်တော့မှာဆိုတော့လေ။ အသက်ရှင်ရင်တော့ ဒီကြားထဲ အဆက်အသွယ်ရမှာပါ။ ကျွန်တော်တို့ အဖွဲ့သယ်တာတော့ ၁၇ လောင်းရှိပြီ ။ ကျန်တဲ့အဖွဲ့တွေ သယ်တာတော့ သတင်းလည်း မကြားမိဘူး တွေ့လည်း မတွေ့ဘူး ” ဟု ကိုဗျာလက ဆက်ပြောသည်။ 

စက်လှေနစ်မြုပ်မှုအတွင်း အသက်ရှင်လျက် လွတ်မြောက်လာသူ အမျိုးသားရှစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည့်အတွက် စက်လှေနစ်မြုပ်စဥ်က လှေပေါ်တွင် လိုက်ပါလာသူများ၏  အသေးစိတ် အခြေအနေကို မသိရှိရကြောင်းလည်း  ၄င်းက ဆိုသည်။ 

လှိုင်းကြီးမှုကြောင့် နစ်မြုပ်ခဲ့သည်ဟုဆိုသည့် ရိုဟင်ဂျာများ လိုက်ပါလာသော စက်လှေမှ  ပျောက်ဆုံးနေသူများအနက် အမျိုးသမီး ဆယ်ဦးနှင့် အမျိုးသား ခုနစ်ဦး၏ ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေးအဖွဲ့က စစ်တွေမြို့ရှိ ဗေဒါရွာ၊ သဲခုံရွာအပါအ၀င် ပင်လယ်ကမ်းစပ်အနီးရှိ ကျေးရွာများတွင် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ 
 
လက်ရှိအချိန်တွင်လည်း ကျန်ရှိပျောက်ဆုံးနေသူများကို စစ်တွေမြို့ရှိ ပင်လယ်ကမ်းစပ်ကျေးရွာများနှင့် ပင်လယ်ပြင်တွင် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ 

“ကမ်းနားတဝိုက်ကို ပတ်ရှာတာရှိတယ်။ တစ်ခါတလေ ရေပြင်ထဲမှာ ကျွန်တော်တို့အသင်းပိုင်တဲ့ Speed Boat နဲ့ ပတ်ရှာတာရှိပါတယ်။  ရှာဖွေရေးကိုတော့ လုံး၀ရပ်လိုက်မှာ မဟုတ်ပါဘူး အကုန်တွေ့မှ ရပ်မှာပါ။ ရှာဖွေရေးအဖွဲ့တစ်ဖွဲ့လည်း သီးသန့် လွှတ်ထားပါတယ်။ ကူညီကယ်ဆယ်ရေးသွားတဲ့အခါတိုင်းလည်း ကြုံရင်ကြုံသလို ရှာဖို့ အဖွဲ့တွေကို တိုက်တွန်းထားပါတယ်” ဟု ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ကိုဗျာလက ပြောသည်။ 

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများသည် စား၀တ်နေရေးအခက်အခဲကြောင့်  ပြည်ပ အိမ်နီးချင်းနိုင်ငံများသို့ တရားမ၀င် ရေလမ်းမှတဆင့် စက်လှေများဖြင့် သွားရောက်လေ့ရှိပြီး ပင်လယ်လှိုင်းဒဏ်ကြောင့် စက်လှေနစ်မြုပ်မှုများအတွင်း မကြာခဏ အသက်ဆုံးရှုံးမှုများလည်း ကြုံတွေ့နေကြရသည်။စာတည်း။      ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required