ရခိုင်တွင် ရေကြီးနစ်မြုပ်ခဲ့သည့် စစ်ရှောင်စခန်းအချို့မှ ပြည်သူများ စား၀တ်နေရေးနှင့် ကျန်းမာရေးအခက်အခဲရှိနေ

By ရောင်နီ (မဇ္စျိမ)
17 August 2023
ရခိုင်တွင် ရေကြီးနစ်မြုပ်ခဲ့သည့် စစ်ရှောင်စခန်းအချို့မှ ပြည်သူများ စား၀တ်နေရေးနှင့် ကျန်းမာရေးအခက်အခဲရှိနေ

ရခိုင်ပြည်နယ်တွင်  ရေကြီးနစ်မြုပ်မှုရှိခဲ့သည့် စစ်ဘေးရှောင်စခန်းအချို့မှ  ပြည်သူများ စား၀တ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း စခန်းတာ၀န်ရှိသူများထံမှ သိရသည်။ 

သြဂုတ်လ အစောပိုင်းကာလများမှ စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းကာ မြစ်ရေမြင့်တက်မှုကြောင့်  ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့တွင်ရှိသည့် စစ်ရှောင်စခန်းများတွင် ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

ပုံအညွှန်း - ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စိီးခဲ့သည့် မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ နေအိမ်အချို့။ (ပုံ - Mratazaung Foundation - Mrauk-U)
 

မြောက်ဦးမြို့ရှိ  မြတန်ဆောင်းစစ်ရှောင်စခန်းတွင် ရေပြန်ကျသွားပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများသည်  ၎င်းတို့၏ နေအိမ်တွင် ပြန်လည်နေထိုင်နေပြီဖြစ်သော်လည်း စား၀တ်နေရေးအခက်အခဲများ ရှိနေကြောင်း သိရသည်။ 

“ စခန်းထဲမှာ ရှိတဲ့ သူတွေက စခန်းထဲမှာပဲ အရင်တုန်းကလို ပြန်နေနေကြတယ်၊ ၁၀ရက်နေ့က ရေပြန်ကျတယ်။ ရေကျသွားပြီးတဲ့ နောက်ပိုင်းမှာ နေအိမ် အလုံး ၄၀ လောက် ပျက်စီးသွားတယ်။ တချို့တ၀က်ပျက်တာက ၃၁ လုံး၊ လုံး၀ပျက်စီးသွားတာက တလုံး ရှိတယ်။ စား၀တ်နေရေးအတွက်က သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထောက်ပံ့တာရှိတော့ ၁၀ ရက်စာလောက်ရှိတယ်။ ပုံမှန် အားဖြင့်တော့ စားရေးသောက်ရေးက အခက်အခဲရှိတာပေါ့။” ဟု  မြောက်ဦးမြို့ရှိ မြတန်ဆောင်း စစ်ရှောင်စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်သည်။

စစ်ဘေးရှောင်ဦးရေ ၁,၁၇၅ ဦး နေထိုင်လျက်ရှိသည့်  မြတန်ဆောင်းစစ်ရှောင်စခန်းမှ လူဦးရေ ၄၀ ထက်မနည်းသည်လည်း လက်ရှိအချိန်တွင် ဖျားနာမှုများရှိနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက ကျန်းမာရေးစောင့်ရှောက်မှု များပေးအပ်လျက်ရှိကြောင်း သိရသည်။ 

“ ဖျားတာတွေလည်းရှိတယ်။ အခု နေမကောင်းတာဆို စခန်းမှာ အယောက် ၄၀ လောက်ရှိတယ်။ ရေကျတဲ့ အချိန် ပစ္စည်းတွေ  ရွှေ့ကြတဲ့ ပြောင်းကြတဲ့အခါ မိုးရေထဲမှာ ရေမြုပ်နေတဲ့ နေရာတွေထဲမှာ ရေကူးပြီးသွားကြရတာဆိုတော့ အအေးပတ်တာနဲ့ တူတယ်၊ တချို့ကလေးတွေဆို ခန္ဓာကိုယ်မှာ အဖုအပိန့်လေးတွေ ပေါက်တာရှိတယ်။ နေမကောင်းတာက အရွယ်စုံပဲ။ “ ဟု စစ်ရှောင်စခန်းတာ၀န်ခံဆရာတော်က ဆက်လက်မိန့်ကြားသည်။ 

ပုံအညွှန်း - ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စိီးခဲ့သည့် မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ နေအိမ်အချို့။ (ပုံ - Mratazaung Foundation - Mrauk-U)
 

ထို့အပြင်  လူဦးရေ နှစ်ထောင်ကျော်ရှိသည့် မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ရှောင်စခန်းတွင် မြစ်ရေ၀င်ရောက်ပြီးနောက် ကျန်ခဲ့သည့် ရေအိုင်များတွင် ခြင်ပေါက်ဖွားမှုများ ရှိနေပြီး သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း စခန်းတာ၀န်ခံက ဆိုသည်။  

“စခန်းမှာကြုံနေရတာက စား၀တ်နေရး အခက်အခဲ တအား ကြုံနေရတယ်။ နောက်ပြီး စခန်းထဲမှာရေနစ်မြုပ်သွားပြီးတဲ့နောက် ရေအိုင်တွေ ကျန်သေးတယ်။ အဲ့ဒါတွေမှာ  ခြင်တွေက တအားပေါက်တယ်။ နောက်တော့ လမ်းတွေက နွံတွေ ဖုံးသွားလို့ သွားရေးလာရေး အရမ်းခက်ခဲတယ်။ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေအတွက် စိုးရိမ်ရပါတယ်၊ အရင်တုန်းက စခန်းမှာ ဒီရောဂါတွေ ဖြစ်တာမရှိဘူး။ အခုက ရေနစ်မြုပ်သွားတော့ အိုင်တွေမှာ ခြင်ပေါက်ဖွားမှုတွေ တအားများလာလို့ ခြင်ကိုက်တာတွေ တော်တော်ဖြစ်လာတယ်။” ဟု တိမ်ညိုစစ်ရှောင်စခန်းတာ၀န်ခံ ကိုကျော်ထင်က မဇ္စျိမကို ပြောသည်။ 

ယင်းအပြင် စခန်းတွင်းနေထိုင်သည့် စစ်ဘေးရှောင်ပြည်သူဦးရေများပြားခြင်းကြောင့်   စား၀တ်နေရေး အခက်အခဲတချို့လည်း ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။ 

ပုံအညွှန်း - ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စိီးခဲ့သည့် မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ နေအိမ်အချို့။ (ပုံ - Mratazaung Foundation - Mrauk-U)
 

အလားတူ စစ်ဘေးရှောင် ၄,၀၀၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ်မှ ညောင်ချောင်းစစ်ရှောင်စခန်းတွင်လည်း မြစ်ရေမြင့်တက်မှုကြောင့် စခန်းတခုလုံး နစ်မြုပ်ခဲ့ကာ ကျန်းမာရေးနှင့် စား၀တ်နေရေးခက်ခဲမှုများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ 

ရခိုင်ပြည်နယ်တွင် မိုးသည်းစွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် တောင်ကုတ် မြို့နယ်များတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သြဂုတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

ယင်းသို့  မြစ်ရေကြီးမှုဖြစ်စဥ်အတွင်း အမျိုးသား ငါးဦးနှင့် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး  အိမ်ခြေ ၃၀,၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရကြောင်း ULA ၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required