မြဝတီမြို့တွင် ကျူးကျော်နေအိမ် ဖျက်ခြင်းကို ဆက်မလုပ်ရန် တားမြစ်သူ စားသောက်ဆိုင်ပိုင်ရှင် ဖမ်းခံရ

မြဝတီမြို့တွင် ကျူးကျော်နေအိမ် ဖျက်ခြင်းကို ဆက်မလုပ်ရန် တားမြစ်သူ စားသောက်ဆိုင်ပိုင်ရှင် ဖမ်းခံရ

မြဝတီ၊ ဇူလိုင် ၂၇ ။  ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်၄ ရပ်ကွက် မြဝတီ အာရှလမ်းမကြီးဘေးရှိ မော်ရွှေမြိုင် စားသောက်ဆိုင် အပါအဝင် အိမ် ၃လုံးအား ကျူးကျော်အိမ်ဟုဆိုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ခရိုင်တရားရုံး စာရေးတို့ ဦးဆောင်ကာ ဖျက်ဆီးမှုကို တားသည့် မော်ရွှေမြိုင်စားသောက်ဆိုင်ပိုင်ရှင် ဦးအေးသိန်းက ဝတ်တရားနှောက်ယှက်မှုဖြင့် ဖမ်းဆီးခံရသည်ဟု ၎င်း၏သမီးဖြစ်သူ မခင်စန်းယုက မဇ္ဈိမကို ပြောသည်။

“အခုလို ကျွန်မအဖေကို ဖမ်းသွားတာ မတရားဘူး ဘာဖြစ်လို့လဲဆိုတော့ ကျွန်မအဖေက သူနှစ် ၂၀ကျော် နေခဲ့တဲ့ နေရာကို မဖျက်ရန်ပြောတာ။ ညီမတို့အဖေက မတရားဖြစ်လို့လား” ဟု ၎င်းက ဆိုသည်။

ယင်းမြေနေရာသည် ၂၀၁၁ခုနှစ်က ငါးကန်ကို လေလံပစ်ရာမှ လေလံအောင်သူ ဦးဝဏ္ဏစိုးက ဦးအေးသိန်းသည် ကျူးကျော်နေထိုင်သည်ဟုဆိုကာ တရားစွဲဆိုခဲ့သဖြင့် အမှုဖြစ်နေကြောင်းလည်း သိရသည်။

ဦးအေးသိန်းမှာ အဆိုပါ မြဝတီမြို့ အမှတ် ၄ရပ်ကွက်၌ ၁၉၉၈/ ၉၉ခုနှစ်ကတည်းက နေထိုင်ခဲ့သည်ဟု ဆိုသည်။ 

ထိုစဉ်က ဦးအေးသိန်း၏ အမှုအား လက်ရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပြီး ၎င်းက ဘားအံပြည်နယ်တရားရုံးသို့  နှစ်ကြိမ်တွေ့ဆုံရန် ပျက်ကွက်ခဲ့ဖူးသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအမှုကို ၂၀၁၆ခုနှစ်တွင် တရားလို ဦးဝဏ္ဏစိုးတို့ဘက်က အနိုင်ရခဲ့ကြောင်းလည်း မြဝတီခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးအောင်သိန်းက ပြောကြားသည်။

ယင်းအဆိုပါနေရာသည် ဒီဇင်ဘာလ ၁၉ရက် ၂၀၀၉ခုနှစ်တွင် မြဝတီမြို့နယ် ပြည်နယ်သမဝါယမ ဦးစီးဌာနမှ ဈေးပြိုင်ချိတ်ပိတ်တင်ဒါ ထုခွဲရောင်းချရေးကော်မတီမှ ဈေးပြိုင်ချိတ်ပိတ်တင်ဒါ ထုခွဲရောင်းချမည့် စည်းကမ်းချက်များဖြင့် လေလံရောင်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required