ဘေလီတံတားကြောင့် မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးပေါ် ယာဉ်ပိတ်ဆို့မှုဖြစ်

By YT  ( မဇ္ဈိမ)
31 August 2023
ဘေလီတံတားကြောင့် မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးပေါ် ယာဉ်ပိတ်ဆို့မှုဖြစ်
ပုံအညွှန်း- အာရှလမ်းမကြီးပေါ် ယာဉ်ပိတ်ဆို့မှု မြင်ကွင်း (ဓါတ်ပုံ- CJ၊ လူမှုကွန်ယက်)

မိုးဆက်တိုက်ရွာသွန်း၍ လမ်းမြေကျွံမှု ဖြစ်ပွားနေသည့် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ဘေလီတံတားခင်းထားပြီးသော်လည်း တံတားကြံ့ခိုင်မှုအားနည်းခြင်း၊ တံတားကျဉ်းမြောင်းခြင်းကြောင့် နေ့စဉ်နှင့်အမျှ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း ယာဉ်မောင်းများနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ 

" တခေါက်ကို နှစ်ရက်ကြာတယ်ဗျာ။ သွားလာရတာ အဆင်မပြေဘူး။ ခရီးမရောက်ဘူး။ လုပ်စားရတာတော့ တော်တော်ခက်တယ်" ဟု ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။ 

မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်၊ တောနော်ရေတံခွန်အနီးရှိ လမ်းမြေကျွံသည့် နေရာအား   ဘေလီတံတားဆောက်လုပ်ပြီးဖြစ်၍ ဩဂုတ်လ ၂၅ ရက်နေ့တွင် လမ်းပန်းဆက်သွယ်ရေးအတွက် ပြန်လည်အသုံးပြုခဲ့ကြခြင်းဖြစ်သော်လည်း စတင်အသုံးပြုသည့် ရက်မှစ၍ ဘေလီတံတား​ ကြံ့ခိုင်မှုအားနည်း၍ တံတားထိပ်ပိုင်းများတွင် မြေနိမ့်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘေလီတံတားထိပ်ပိုင်းနေရာများတွင် မြေနိမ့်ကျမှု၊ ဘေလီတံတား​၏ အကျယ်အဝန်း ကျဉ်းမြောင်းမှုကြောင့် ယာဉ်အကန့်အသတ်ဖြင့်သာ ဖြတ်သန်းသွားလာနေရသဖြင့် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ယာဉ်မောင်းတဦးထံက သိရသည်။ 

" အတက်အဆင်းကို တခါသွား အစီး ၂၀၊ အစီး ၃၀ လောက်စီပဲ ပေးဖြတ်သေးတော့ ယာဉ်တွေပိတ်ကုန်တာပေါ့။ တချို့ မစောင့်နိုင်တဲ့ကားတွေကတော့ ပြန်လှည့်ဆင်းပြီး လမ်းဟောင်းကနေ သွားကြတယ်၊ တက်လို့လည်း မရ ဆင်းလို့လည်းမရ လှည့်မရတဲ့ ကားတွေကတော့ လမ်းပိတ်ပေါ့" ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးထံက သိရသည်။ 

မြဝတီ- ကော့ကရိတ် အာရှလမ်းသည် ထိုင်း- မြန်မာ ကုန်သွယ်ရေးအတွက် အဓိကထား အသုံးပြုသော လမ်းကြောင်းဖြစ်၍ အဆိုပါ လမ်းတွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် ယာဉ်မောင်းအချို့သည် မြဝတီ- ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းအား ဆက်လက်အသုံးပြုနေကြရကြောင်း သိရသည်။

အာရှလမ်းမကြီးပေါ်၊ တောနော်ရေတံခွန်အနီးတွင် ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့က မိုးဆက်တိုက်ရွာသွန်း၍ တောင်ကျရေတိုက်စားကာ လမ်းတလျှောက်တွင် လမ်းမြေကျွံမှု၊ တောင်မြေပြိုမှုများ ဖြစ်ပွားရာမှ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်ရေးအတွက်ဟုဆိုကာ ဘေလီတံတားအား ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly