မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်  ကားကြီး ကားငယ်အားလုံး သွားလာနိုင်ပြီဖြစ်

By YT (မဇ္ဈိမ)
25 August 2023
မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်  ကားကြီး ကားငယ်အားလုံး သွားလာနိုင်ပြီဖြစ်
ဓါတ်ပုံ- သင်္ဃန်းညီနောင်မြို့သစ် လူမှုကူညီရေးအသင်း၊ U U Hpa An Thar၊ လူမှုကွန်ယက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အား ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်၊ တောနော်ရေတံခွန်အနီးရှိ လမ်းမြေကျွံသည့် နေရာအား ဘေလီတံတား ဆောက်လုပ်ပြီးဖြစ်၍ အဆိုပါလမ်းအား လမ်းပန်းဆက်သွယ်ရေးအတွက် ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သင်္ဃန်းညီနောင် မြို့သစ် လူမှုကူညီရေးအသင်း​၏ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ထုတ်ပြန်ချက်အရ သိရသည်။

" တံတား ဆောက်လုပ်မှုက ပြီးသွားပါပြီ။ ဒီနေ့ နေ့လယ် ၁၂ နာရီကနေပြီး ကားတွေ အကုန်သွားလာနိုင်ပါပြီ"ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် တံတားဆောက်လုပ်ခြင်းလုပ်ငန်း ပြီးဆုံး၍ ယနေ့နေ့လယ်ပိုင်းတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ယခင်အတိုင်း ယာဉ်ကြီး ယာဉ်ငယ်အားလုံး ကူးသန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့က မိုးဆက်တိုက်ရွာသွန်း၍ တောင်ကျရေတိုက်စားကာ လမ်းတလျှောက်တွင် လမ်းမြေကျွံမှု၊ တောင်မြေပြိုမှုများ ဖြစ်ပွားရာမှ မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ် ယာဉ်အသွားအလာ ရပ်တန့်သွားခဲ့ရခြင်းဖြစ်ပြီး လမ်းမြေကျွံမှုဖြစ်ပွားပြီးနောက် သုံးရက်အကြာ ဩဂုတ်လ ၁၀ ရက်နေ့တွင် ဘေလီတံတားဆောက်လုပ်ရေးလုပ်ငန်းစဉ် စတင်ခဲ့ခြင်းဖြစ်သည်။

ဘေလီတံတားထိုးခြင်း ၁၅ ရက်အကြာ၊ လမ်းမြေကျွံကျ ပျက်စီးခြင်း ၁၈ ရက်အကြာတွင် မြဝတီ- ကော့ကရိတ် အာရှလမ်းအား ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သည်။ 

မြဝတီ- ကော့ကရိတ် အာရှလမ်းသည် ထိုင်း- မြန်မာ ကုန်သွယ်ရေးအတွက် အဓိကထား အသုံးပြုသော လမ်းကြောင်းဖြစ်၍ အဆိုပါ လမ်းပိတ်စဉ်ကာလအတွင်း၌ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် ပြည်သူများသည် မြဝတီ- ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းအား ပြန်လည်အသုံးပြုခဲ့ကြရသည်။

ဒေါနတောင်လမ်းဟောင်းအား အသုံးပြုရာတွင် ကုန်ပစ္စည်းသယ်ယူရာ၌ တန်ဆာခများဈေးမြင့်ခြင်း၊ ခရီးသွားလာစရိတ် မြင့်တက်လာခြင်းတို့ဖြစ်ပေါ်ခြင်းရှိခဲ့ကာ ဒေါနတောင်လမ်းသည် တောင်ပတ်လမ်းဖြစ်ပြီး လမ်းကျဉ်းမြောင်း၍ ယာဉ်မတော်တဆမှုများလည်း ဖြစ်ပေါ်မှုရှိခဲ့သည်။  

" တံတားပြန်ဖွင့်တော့ အဆင်ပြေတာပေါ့ဗျာ။ အခုတော့ ကားလေးတွေတော့ ပတ်လမ်းကနေရော တောင်ပေါ်လမ်းကနေပါ ဆင်းနေကြပြီ။ အခုလို အာရှလမ်းဖွင့်လိုက်တော့ ပိုအဆင်ပြေသွားတာပေါ့၊ လမ်းပိတ်နေတဲ့အချိန်အတွင်းမှာတော့ သွားရလာရတာတွေ ပစ္စည်းသယ်ရတာတွေ တန်ဆာခတွေ ကြေးတက်တယ်၊ ယာဥ်ဈေးနှုန်းတွေ အရမ်းတက်တယ်။ အစစ်အဆေး၊ အမေးအမြန်းတွေလည်း အရမ်းများတယ်။ အခု ဒီလိုမျိုး လမ်းပြန်ဖွင့်တော့ အဆင်ပြေသွားတာပေါ့" ဟု မြဝတီမှ မြန်မာပြည်အနှံ့ ကုန်သွယ်ရေးလုပ်ငန်း လုပ်ဆောင်နေသူတဦးက မဇ္ဈိမကိုပြောသည်။

ယခုကဲ့သို့ အာရှလမ်းပြန်ဖွင့်၍ ယာဉ်များအားလုံး သွားလာနိုင်ပြီဖြစ်သော်လည်း ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့နှင့် ၂၂ ရက်နေ့တွင် ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီး ဒဏ်ရာရသူများလည်းရှိသဖြင့် လုံခြုံရေးအန္တရာယ် စိုးရိမ်နေရကြောင်း မြဝတီမြို့နယ် ဒေသခံတဦးထံက သိရသည်။ 

အဆိုပါ ပစ်ခတ်မှုများအတွင်း အမျိုးသမီးတဦးအပါအဝင် ငါးဦး သေနတ်ထိမှန်၍ ထိခိုက်ဒဏ်ရာရထားကြောင်း သိရသည်။ 

အာရှလမ်းပြန်ဖွင့်သည့် အကြောင်းအရာနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သည့် သင်္ဃန်းညီနောင် မြို့သစ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများအား မဇ္ဈိမက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။ 

လက်ရှိတွင် မြဝတီ- ကော့ကရိတ်သို့ ဆက်သွယ်ထားသည့် လမ်းကြောတလျှောက်တွင် တော်လှန်ရေးအင်အားစုများက လုံခြုံရေးယူ စစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်ကောင်စီတပ်များ၊ BGF များကလည်း စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly