နိုင်ငံအနှံ့တွင် ပြည်သူ့ထောက်ပံ့ငွေဖြင့် ဒရုန်း အစင်း ၄၀၀ ကျော် ပို့ဆောင်ထားကြောင်း NUG ထုတ်ပြန်

By ဂျူချန်း(မဇ္ဈိမ)
23 August 2023
နိုင်ငံအနှံ့တွင် ပြည်သူ့ထောက်ပံ့ငွေဖြင့် ဒရုန်း အစင်း ၄၀၀ ကျော် ပို့ဆောင်ထားကြောင်း NUG ထုတ်ပြန်
ဓါတ်ပုံ-NUG-MOD

ပြည်သူများ၏ တော်လှန်ရေးရန်ပုံငွေများဖြင့် ဝယ်ယူထားသည့် ဒရုန်းအစင်းရေ ၄၀၀ ကျော်ကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)  ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထိုဒရုန်းများအား စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်နေသည့် ရှေ့တန်းနေရာများတွင် တိုက်ခိုက်ရေးအပြင် ကင်းထောက်ရန်နှင့် ဝါဒဖြန့်ချီရာတွင်လည်း အသုံးပြုနေကြကြောင်း ဆိုသည်။

ဓါတ်ပုံ-NUG-MOD

မြေပြင်တွင် ကိုယ်တိုင် သွားရောက်တိုက်ခိုက်ရန် အဆင်မပြေသည့် အခါမျိုးတွင် ဒရုန်းများဖြင့် မစ်ရှင်ဖော်ဆောင်ခြင်းသည် တပ်ဖွဲ့ဝင် ရဲဘော်များအတွက် အန္တရာယ်ပိုကင်းပြီး NUG MOD က ပေးပို့သည့် ဒရုန်းများသည် အလုံးစုံ ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း သာမာန်ဒရုန်းများထက် ဝန်ပိုတင်ဆောင်နိုင်သဖြင့် သုံးစွဲရ အဆင်ပြေကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကို ပြောသည်။

ဓါတ်ပုံ-NUG-MOD

“ကင်းပုန်းတွေကျတော့ သွားဖို့လာဖို့ သိပ်စိတ်မချရတဲ့နေရာဆိုရင် ဒရုန်းနဲ့သွားကြဲချရတာက အားသာချက်ရှိတာပေါ့။ ရဲဘော်တွေအတွက်လည်း အန္တရာယ်ကင်းတယ်။ တစ်ခါတလေ ရာသီဥတုကြောင့် လိုချင်တဲ့ ပစ်မှတ် မရတာမျိုးလည်း ရှိတာပေါ့နော်။ ကျနော်တို့ local အဖွဲ့တွေကတော့ ကိုယ့်ဘာသာ ဝယ်ထားတာလည်းရှိတယ်။ ဒရုန်းတွေကတော့ အမျိုးအစားတွေမတူဘူးပေါ့နော်။ ဟိုတခေါက်တုန်းက (NUG ထောက်ပံ့သည့်ဒရုန်း) သုံးခဲ့တယ်။ အအဆင်ပြေပါတယ်။ ဝန်လည်း ပိုပါတယ်ပေါ့နော်။ သယ်နိုင်ပြုနိုင်တယ်ပေါ့နော်။ လုံးဝအဆင်ပြေတယ်တော့မဟုတ်ပေမယ့် အပြင်မှာ အသုံးချလို့ရတယ်ပေါ့နော်”  ဟု KRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဓါတ်ပုံ-NUG-MOD

နိုင်ငံအနှံ့အပြားတွင် ဒရုန်းစစ်ဆင်ရေးများကို ပိုမိုမြင်တွေ့လာရပြီး စစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်းနှင့် စစ်ကြောင်းများသည် ဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်ခံနေရကာ အထိအခိုက်လည်းများကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required