အရပ်သားပြည်သူများ စစ်ပွဲအတွင်း ထိခိုက်မှုနည်းစေရေး NUG နှင့် ICNCC ဆွေးနွေး

By ပါခွီး (မဇ္စျိမ)
10 November 2023
အရပ်သားပြည်သူများ စစ်ပွဲအတွင်း ထိခိုက်မှုနည်းစေရေး NUG နှင့် ICNCC ဆွေးနွေး
ပုံအညွှန်း - မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင်စခန်း (ပုံဟောင်း)

မြန်မာနိုင်ငံတဝန်း စစ်ရေးအရှိန်မြှင့်တင်နေသည့်ကာလအတွင်း အရပ်သားပြည်သူများ ထိခိုက်မှုနည်းပါးစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန်နှင့် အကူအညီများပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားစာနာမှုဝန်ကြီးဌာနနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က ယမန်နေ့ နိုဝင်ဘာလ ၉ရက်တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များ အတွက် ယာယီ နေရာ ၊ ဆေးဝါး ၊ သောက်သုံးရေနှင့် ရိက္ခာလိုအပ်ချက်အခြေအနေများ ၊ လေကြောင်းရန်ကာကွယ်ရေး နှင့် အရေးပေါ်ခိုလှုံရာနေရာများသို့ရှောင်ရှားနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ၊  လက်နက်ကိုင် ပဋိပက္ခအတွင်း ဆောင်ရန်၊ ရှောင်ရန်များကို ချင်းဘာသာ စကားဖြင့် ထုတ်ဝေနိုင်ရေး နိုဝင်ဘာလ ၈ရက်တွင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“စစ်ကောင်စီတပ်က နေရာမရှောင် လေကြောင်းက တိုက်ခိုက်တာတွေရှိတဲ့အတွက် ပြည်သူတွေ ဆောင်ရန်၊ ရှောင်ရန် ပညာပေးရေးကိစ္စများနဲ့ အရပ်သား ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားဖို့ရှိပါမယ်” ဟု ICNCC အလှည့်ကျသဘာ ပတိဖြစ်သူ Dr . Kento က မဇ္စျိမ ကိုပြောသည်။

၎င်းအပြင် မိုခါမုန်တိုင်းအရေးပေါ် တုံ့ပြန်ရေး အတွေ့အကြုံကို နမူနာယူ၍ အရေးပေါ် ရန်ပုံငွေ ကြိုတင်ပြင်ဆင်ထားရေး ၊ ဒေသတွင်း ရိက္ခာဖူလုံမှုရှိစေရန် အစီအမံများနှင့် အိန္ဒိယနယ်စပ်သို့ ရောက်ရှိနေသည့် မြန်မာစစ်ဘေးရှောင်များအတွက် လုံခြုံရေးနှင့် လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရေးများကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း ဆိုသည်။

ICNCC အနေဖြင့် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ပြီး  တရားဝင် အသိအမှတ်ပြုထားခြင်း ၊ ပညာရေး ဘုတ်အဖွဲ့ နှင့် ပူးပေါင်းကာ ပညာရေးထောက်ပံ့ပေးခြင်း၊  ကျန်းမာရေးဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းများနှင့်လက်တွဲလုပ်ဆောင်နေခြင်းများရှိကြောင်း အလှည့်ကျ သဘာပတိက ပြောသည်။

မိုခါမုန်တိုင်း တိုက်ခိုက်စဥ် အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက်ပံ့မှုများကို မြိုနယ်အလိုက်ပေးအပ်နိုင်ခဲ့ပြီး မြို့နယ်(ပအဖ)နှင့် လက်တွဲလုပ်ဆောင်မှုများ ရှိသကဲ့သို့ NUG ဝန်ကြီးဌာနများနှင့် ချိတ်ဆက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

CDM များရေးဆွဲထားသည့် ချင်း CDM ပေါ်လစီကို ထုတ်ပြန်ရန်ရှိပြီး ICNCC အဖွဲ့အပေါ် ဝေဖန်ထောက်ပြမှုများနှင့် မြို့နယ်အလိုက် အချက်အလက်များ ကောက်ယူဆွေးနွေးပြီး ကောင်စီတွင် ပါဝင်သင့်သူများဖြင့်  ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း dr , Kento ဆက်ပြောသည်။

စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ကြသော ၂၀၂၀ ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ်များ ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းပြည်နယ် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်(NLD) တို့က ၂၀၂၁ခုနှစ် ဧပြီလ ၁၃ရက်နေ့တွင် ICNCC ကိုဖွဲ့စည်းခဲ့ပြီး ၎င်းနောက် CDM , CSO ၊ လူငယ်နှင့် အမျိုးသမီးများ ပါဝင်လျက် အစုအဖွဲ့ လေးဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ICNCC အစုအဖွဲ့အတွင်းမှ  CNF သည် ၂၀၂၃ခုနှစ် ဧပြီလတွင် နုတ်ထွက်သွာ ခဲ့ကြောင်းသိရသည်။
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီသည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ကနဦး ဖွဲ့စည်းရာတွင်ပါဝင်ခဲ့ပြီး ပြည်နယ်ကိုယ်စားပြုအတိုင်ပင်ခံကောင်စီအနေဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ထားသည်။

၎င်းကောင်စီသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်အစိတ်အပိုင်း(၂) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအစီအမံအရ ချင်းပြည်အရေးကိစ္စရပ်များကို တာဝန် ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required