စစ်ကောင်စီတပ်က ပအဖအဖွဲ့ဝင်အား ဓားစာခံလုပ်ပြီး ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုး

By MTO (မဇ္ဈိမ)
04 June 2023
စစ်ကောင်စီတပ်က ပအဖအဖွဲ့ဝင်အား ဓားစာခံလုပ်ပြီး ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုး

စစ်ကိုင်းတိုင်း၊  ဆားလင်းကြီးမြို့နယ်တွင် ယနေ့ ဇွန်လ ၄ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်က ၎င်းတို့ဖမ်းဆီးထားသည့် ပအဖအဖွဲ့ဝင်ကို ဓားစာခံလုပ်ကာ စစ်ကြောင်းထိုးလာသည်ဟု ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မေလ ၃၁ ရက်နေ့က ဖမ်းဆီးသွားသည့် ဆားလင်းကြီးမြို့နယ် ပအဖအဖွဲ့ဝင်တစ်ဦးကို ခေါ်ဆောင်လာခြင်းဖြစ်သည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦးက ပြောသည်။

“ဟိုနေ့ကဖမ်းခံရတဲ့ ပအဖအဖွဲ့ဝင် ကိုဗန့်ဂျီပြန်ပါလာတယ်။ သူ့ဆီက သတင်းအချက်အလက်တချို့ ပေါက်ကြားနိုင်ခြေရှိတော့ ပိုပြီးစိုးရိမ်စရာအခြ အနေရှိနေတယ်” ဟု ၎င်းကပြောသည်။

ကိုဗန့်ဂျီသည် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လျှပ်စစ်ဌာနတွင် တာဝန်ထမ်းဆောင် နေသူတစ်ဦးဖြစ်သည်။

ကိုဗန့်ဂျီအား ဇွန်လ ၃ ရက်နေ့တွင် မုံရွာစစ်ကြောရေးသို့ ပို့ဆောင်ခဲ့ပြီးနောက် ယနေ့ ဇွန်လ ၄ ရက်တွင် ဆားလင်းကြီးမြို့နယ်အတွင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းတွင် ဓားစာခံအဖြစ် ခေါ် ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းစစ်ကြောင်းသည် မုံရွာဖက်မှ ဆားလင်းကြီးမြို့နယ်ဖက်သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း စက်လှေ များဖြင့် ညောင်ပင်ကြီးဆိပ်ကမ်းသို့ ဝင်ရောက်လာပြီးနောက် လက်ရှိအချိန်တွင် ညောင်ပင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲထားကြောင်း ဆားလင်းကြီး ပအဖအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“လောလောဆယ်ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတယ်။ အရပ်သားဝတ်စုံတွေ လဲတယ်၊ PDF ဝတ်စုံ တွေလဲနေတယ်။ ခွေးဘီလူးကားတစီးရယ် လိုက်ထရပ်ကားတစီးရယ် ဆွဲထားတယ်” ဟု ပြောသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly