မဲကနယ်ဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ တိမ်းရှောင်နေရဆဲ

မဲကနယ်ဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ တိမ်းရှောင်နေရဆဲ

မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ဒေသ အနီးတစ်ဝိုက်တွင် ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများမှာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

မဲကနယ်ကျေးရွာအုပ်စု၊ ကျောက်တောင် (ခ) ကျောက်မိုင်းအနီးတွင် ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှစ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

" တိုက်ပွဲဖြစ်နေတာ ဟုတ်ပါတယ်။ လေယာဉ်နဲ့ကတော့ ဒီလိုပဲ ရမ်းပစ်နေတာ။ ဒေသခံတွေကတော့ ဒီလိုပဲ သွားလာနေရတာပါပဲ။ ကြောက်နေရင်လည်း ငတ်မှာ" ဟု ဒေသခံတစ်ဦးက ဆိုသည်။

မြဝတီမြို့နှင့် ရှစ်မိုင်ခန့်သာ ကွာဝေးသော မဲကနယ်ဒေသတွင် ထိုသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသော်လည်း မြဝတီမြို့ပေါ်တွင် လမ်းသွားလမ်းလာများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

" အခြေနေကတော့ ခုနကအထိတော့ အသံကြားတယ် တချက်တချက်ပေါ့။ လမ်းတွေမပိတ်ဘူး။ ကားတွေတော့ သွားနေ လာနေတယ်" ဟု မြဝတီမြို့ပေါ်မှ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မဲကနယ်ကျေးရွာအုပ်စုနှင့် အနီးတဝိုက်ရှိ ဒေသခံများသည်လည်း တိုက်ပွဲပြင်းထန်မှုများကြောင့် စစ်ဘေးရှောင်နေခဲ့ရသည်မှာ တစ်လနီးပါးရှိပြီဖြစ်သော်လည်း ယနေ့အထိ နေရပ်မပြန်နိုင်သေးကြောင်း၊ အကယ်၍ နေရပ်ပြန်ပါကလည်း ပြန်စရာ နေအိမ်လည်းမရှိတော့ကြောင်း မဲကနယ် ဒေသခံတစ်ဦးထံက သိရသည်။

" ၃ လပိုင်း ၂၅ ရက်နေ့က စပြေးတယ်။ အခုချိန်ထိပဲ။ အစ်မအရင်းအိမ်၊ အဒေါ်အိမ်၊ မီးရှို့ခံထိကုန်ပြီ ပြန်စရာအိမ်မရှိတော့ဘူး။ ခုတော့စစ်ပြေးလို့ ထိုင်းရောက်နေတာပါ" ဟု ၎င်းက ဆိုသည်။

မဲကနယ်ကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့မှစ၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်မှုများကြောင့် မဲကနယ်ကျေးရွာအုပ်စုနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံများသည် အိုးအိမ်စွန့်ခွာ၍ ထိုင်းမြန်မာ-နယ်စပ်နှင့် မြို့ပေါ်ဒေသအချို့တွင် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly