လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် နမ်ဆန်ယန်စစ်ရှောင် မိုင်းပေါက်ကွဲ ထိခိုက်ဒဏ်ရာရ

By အဂမ်(မဇ္ဈိမ)
30 September 2023
လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် နမ်ဆန်ယန်စစ်ရှောင် မိုင်းပေါက်ကွဲ ထိခိုက်ဒဏ်ရာရ
ဓာတ်ပုံ - ကဇူးကျေးရွာ ဆမားဇုံနယ်ရုံးမှာ စစ်ရှောင်နေ ကြသော နမ်ဆန်ယန်ပြည်သူများ။

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားစဉ် မိုင်းပေါက်ကွဲသဖြင့် နမ်ဆန်ယန်စစ်ရှောင်တဦး ထိခိုက်ဒဏ်ရာရှိသွားသည်ဟု စစ်ရှောင်များနှင့် နီးစပ်သူထံကသိရသည်။

“စစ်ရှောင်တွေကို ဟိုဘက်ခေါ်သွားပြီး ပစ္စည်းတွေ ဘာတွေ မ ခိုင်းတယ်။ ရှေ့တန်းတနေရာမှာနားပြီး ပြန်ထွက်လာတဲ့အချိန် မိုင်းပေါက်ကွဲပြီး တယောက်ကတော့ ခြေထောက်မှာ ထိခိုက်သွားတယ်လို့ သိထားတယ်”ဟု စစ်ရှောင်များနှင့်နီးစပ်သူက ပြောသည်။

ဝိုင်းမော်မြို့နယ် ၊ ကဇူးကျေးရွာရှိ ဆမားဇုံနယ်အသင်းတော်ရုံးတွင် ခိုလှုံနေကြသည့် နမ်ဆန်ယန်မှ စစ်ရှောင် ရှစ်ဦးကို စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ပြန်လွတ်လာချိန်တွင် စစ်ရှောင်တဦး ခြေထောက် မိုင်းထိဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော်( KIO )ဌာနချုပ် လိုင်ဇာအနီးရှိ နမ်ဆန်ယန်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေချိန် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များက စစ်ရှောင်များနှင့် ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများအား ပြန်လည်လွှတ်ပေးရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းတော်မှ တာဝန်ရှိဆရာများက ကဇူးစစ်ကောင်စီတပ်စခန်းသို့ နေ့တွင်းချင်း သွားရောက်ညှိနှိုင်းခဲ့သည့်အတွက် ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့က အင်အားဖြည့်တင်းမှုများရှိနေပြီး လမ်းတလျှောက် ပစ္စည်းများသယ်ယူရန်အတွက် ဒေသခံများ၊ စစ်ဘေးရှောင်များကို လူသားဒိုင်းအဖြစ် ခေါ်ယူအသုံးပြုနေသည်များရှိနေသည်ဟု စစ်ရှောင်များနှင့်နီးစပ်သူက ဆိုသည်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ ကဇူးကျေးရွာအထက်ဘက် ဒဘတ်ယန်၊ ဂျာပူနှင့် မလိယန် စသည့် ဆမားလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် စစ်ကောင်တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့က ဇူလိုင်လဆန်းပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က နမ့်ဆန်ယန်ဘက်သို့  တပတ်နှစ်ကြိမ်ခန့် အင်အား ၅၀နှင့် ၈၀ ကြား ပုံမှန်သွားလာလှုပ် ရှားနေသည့်အတွက် ဒဘတ်ယန်၊ မလိယန်၊ ဂျာပူ စသည့်ကျေးရွာများတလျှောက်တွင် KIA တပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

နမ်ဆန်ယန်စစ်ရှောင် အများစုသည် ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့များရှိ စစ်ရှောင်စခန်းများ၌ ပြန်လည်ရောက်ရှိနေပြီဖြစ်သော်လည်း အချို့မှာ ကဇူးနေရပ်ပြန်ကျေးရွာရှိ ဆမားဇုံနယ် KBC အသင်းတော်ဝင်းအတွင်း ခိုလှုံနေကြခြင်း ဖြစ်သည်ဟု သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly