ရွာငံမြို့ ကျောက်ဂူပြင်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် ရွာသား ၉ ဦးထဲမှ ၁ ဦးသေဆုံး

By ဂျူနို (မဇ္စျိမ)
31 March 2023
ရွာငံမြို့ ကျောက်ဂူပြင်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် ရွာသား ၉ ဦးထဲမှ ၁ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မြောက်ပိုင်း ကျောက်ဂူပြင်ကျေးရွာတွင် မတ်လ ၂၃ ရက်နေ့၌ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည့်  ရွာသား ကိုး ဦးထဲမှ တစ်ဦးသေဆုံးသွားကြောင်း ရွာခံများထံက သိရသည်။ 

သေဆုံးသူမှာ ကိုသိန်းထွန်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသည့်အချိန်တွင် ရိုက်နှက်ခံရပြီး အဆိုပါရိုက်နှက်မှုဒဏ်ကြောင့် ရွာငံပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရင်း မတ်လ ၂၈ ရက် ညနေတွင် သေဆုံးသွားကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။ 

''အဲ့ ကျောက်ဂူပြင်ရွာ လောင်းကစားဝိုင်းမှာဗျ ကိုးယောက်က အတူတူဖမ်းခံရတာ။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တစ်ယောက်ကို ဝိုင်းရိုက်တာပါ။   ၂၈ရက်နေ့ရောက်တော့ ကိုသိန်းထွန်းက ဆုံးသွားပြီလို့သိရတာပါ။ ရိုက်နှက်ခံရတဲ့ဒဏ် ပြင်းထန်တယ်လို့ သိရတယ်။ ဘာဖြစ်လို့  သေသွားရလဲ ကျွန်တော်မေးကြည့်တာ့  သူတို့သက်ဆိုင်ရာတွေက ကိုသိန်းထွန်းမှာ ရောဂါခံရှိလို့ အဲ့ရောဂါနဲ့ သေဆုံးရတယ်ပြောတယ်'' ဟု ကိုသိန်းထွန်းနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

ကိုသိန်းထွန်း၏ ရုပ်အလောင်းကို မတ်လ ၃၀ရက် နေ့လယ်တွင် ရွာငံပြည်သူ့ဆေးရုံ၌  မီးသင်္ဂြိုဟ်ခဲ့သည်ဟု သေဆုံးသွားသူနှင့် နီးစပ်သူတစ်ဦး၏ အပြောအရ သိရသည်။ 

ကိုသိန်းထွန်းနှင့်အတူ ဖမ်းဆီးခံရသည့် ဒေသခံများမှာ ကျောက်ဂူပြင်ကျေးရွာသား ကိုစိုးနိုင်၊  ကိုဖိုးသား၊ ကိုဝမ်း၊ ကိုမောင်မောင်လွင်၊ ကိုမြင့်ကျော်၊ကိုကျော်၊ ကိုညီညီအောင် နှင့် ကိုဘိုးဘိုးဆန် တို့ဖြစ်သည်။ 

၎င်းတို့ဖမ်းဆီးခံရသည့် မတ်လ ၂၃ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရရှိသေးကြောင်း သိရသည်။ 

''ရွာငံအချုပ်ထောင်မှာတော့ တစ်ပတ်လောက်ထားမယ်။ နောက် ထောင်လွှဲမယ်။ ကလောဖြစ်ဖြစ်၊ တောင်လေးလုံးထောင်ဖြစ်ဖြစ် အဲ့လိုပြောတယ်။ ရွာငံအချုပ်ထောင်မှာ ထားဖို့အတွက် စားစရိတ်အတွက် မိသားစုထဲက ထပ်တောင်းတယ်။ တစ်ယောက်ကို ၂၀,၀၀၀ တောင်းပါတယ်''ဟု ဒေသခံတစ်ဦးက  မဇ္ဈိမကို ပြောသည်။ 

ရွာငံမြို့နယ်မြောက်ပိုင်း ကျောက်ဂူပြင်ကျေးရွာတွင် ဖဲဝိုင်းနှင့် လေးကောင်ဂျင်ဝိုင်း ကစားနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး အဆိုပါ ရွာသား ကိုးဦးအား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ 

'' စစ်ကောင်စီက ဖမ်းသွားတဲ့ ရည်ရွယ်ချက်က လက်ရှိမှာတော့  နိုင်ငံရေးတက်ကြွသူတွေကို လိုက်ဖမ်းတဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲ လောင်းကစားဝိုင်းမှာ ဝင်စီးတဲ့ ပုံစံမျိုးနဲ့ ဖမ်းတာ"ဟု ရွာခံတစ်ဦးက  မဇ္ဈိမကို ပြောသည်။ 

ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အသုဘ၊ သာရေး နာရေး၊ ဘုရားထီးတင်ပွဲများ၊ ဆွမ်းတော်ကပ်ပွဲများမှအစ လောင်းကစားဝိုင်းများ ပြုလုပ်လျှက်ရှိပြီး စစ်ကောင်စီတပ်နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအား အကောက်ငွေပေး၍ လွတ်လွတ်လပ်လပ်ပြုလုပ်ခွင့်ရရှိနေသော်လည်း ကျောက်ဂူပြင်ကျေးရွာ အသုဘလောင်းကစားဝိုင်းမှာမူ ဖမ်းဆီးခံလိုက်ရသည်။ 

ရွာငံမြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလျက်ရှိပြီး လမ်းမပေါ်တွင်လည်း ပျူစောထီးများနှင့်  ပူးပေါင်းကာ လမ်းသွားလမ်းလာများအား ရှောင်တခင်ပုံစံမျိုးဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly