အချင်းချင်းပစ်ခတ်မှုကို သင်ပုန်းခြေကာ တော်လှန်ရေးအောင်မြင်ရန်ဆောင်ရွက်မည်ဟု TNLA နှင့် SSPP ပူးတွဲထုတ်ပြန်

By ဂျူချန်း (မဇ္ဈိမ)
09 October 2023
အချင်းချင်းပစ်ခတ်မှုကို သင်ပုန်းခြေကာ တော်လှန်ရေးအောင်မြင်ရန်ဆောင်ရွက်မည်ဟု TNLA နှင့် SSPP ပူးတွဲထုတ်ပြန်
ပုံအညွှန်း-SSPP/SSA နှင့် TNLA တပ်သားများ

ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော်(TNLA) တို့ နှစ်ဖက်အဖွဲ့အစည်းကြားသင်ပုန်းခြေကာ တော်လှန်ရေးအမြန်အောင်မြင်ရန် ညှိနှိုင်းဆောင်ရွက်သွား မည်ဟု ယမန်နေ့က ထုတ်ပြန်သည်။

“အချင်းချင်း နားလည်မှုလွဲပြီး ပဋိပက္ခဖြစ်ကြတယ်။ အဲ့ဒီနေ့မှာပဲ အချင်းချင်းညှိနှိုင်းပြီး ပြေလည်သွား တော့ ပြဿနာဆက်မဖြစ်ဘူး။ ကျနော်တို့က နဂိုကတည်းက စစ်ရေး၊ နိုင်ငံရေး မဟာမိတ်တွေဖြစ်ပါ တယ်။ SSPP နဲ့ အရင်ကတည်းကလည်း သဘောတူညီမှုတွေရှိတယ်။ အဲဒီအတိုင်းပဲ ဆက်သွားမယ်။ 

မဟာမိတ်တွေကြား ရှေ့လျှောက် ပြဿနာတွေမပေါ်ပေါက်အောင် နှစ်ဖက်ထိန်းသိမ်းပြီး ဆောင်ရွက် သွားမယ်” ဟု PSLF/TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က မဇ္ဈိမကိုပြောသည်။

အချင်းချင်း နားလည်မှုလွဲမှားခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှု ဖြင့် ရှေ့ဆက်ရန် အောက်တိုဘာလ ၈ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် ပလောင်ပြည် နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) တို့က သဘောတူညီချက် ပူးတွဲထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာအနီးတွင် စက်တင်ဘာလ ၂၃ ရက်နေ့က SSPP/SSA တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် ဆွေးနွေးချက်များတွင် SSPP/SSA နှင့် PSLF/TNLA တို့ ပူးပေါင်းကာ ဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်သွားရန် ရှိ၊ မရှိ မဇ္ဈိမမှ မေးမြန်းခဲ့ရာ အစည်းအဝေးအတွင်း ထိုကဲ့သို့သဘောတူညီချက် ချမှတ်ထားခြင်းမရှိသဖြင့် အတည်ပြု ဖြေကြားမပေးနိုင်ကြောင်း ဆိုသည်။

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲ ၄၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနက ထုတ်ပြန်ထားသည်။

“တိုက်ပွဲငြိမ်တယ်ဆိုပေမယ့်လည်း စကစဘက်က ကျနော်တို့ရှိတဲ့နေရာတွေ အဓိကတော့ ကွတ်ခိုင်၊ ခိုမုန်းအထက်နားတောင်ကျောပေါ်မှာ နေ့တိုင်းလိုလို လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ကျနော်တို့ဘက်က ပြန်လည်ပစ်ခတ်တာတော့ မရှိဘူး။ မနေ့ကတောင် ကင်းထောက်လေယာဉ်နဲ့ ထောက်လှမ်းတာမျိုးရှိ တယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေတုန်းပဲလို့ ပြောလို့ရတာပေါ့”ဟု ဒုဗိုလ်မှူးကြီး တားအိုက် ကျော်က ပြောသည်။

စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့တွင် တပ်စွဲထားသည့် SSPP/SSA ကို တပ်ဆုတ်ပေး ရန် သတိပေးပြီးနောက် SSPP မှ ဆုတ်ခွာခြင်းမရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် အင်အား ၁,၀၀၀ ခန့်ဖြည့်တင်းကာ ဩဂုတ်လပထမအပတ်မှစတင်၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားကြသည်။

လတ်တလော စစ်ကောင်စီတပ်ဖွဲ့နှင့် SSPP/SSA တို့ကြား စစ်ရေးအခြေအနေကို သိရှိနိုင်ရန် SSPP/ SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို မဇ္ဈိမမှတယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိ သေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ သီန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအနီး၌ SSPP/SSA နယ်မြေသို့ စစ်ကောင်စီတပ်ဖွဲ့က နယ်ကျော်လာသဖြင့် ၁၀ မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းဌာနတခုဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်း ဌာနကဖော်ပြထားသည်။

စာတည်း ။        ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly