ဖယ်ခုံတွင် CDM ဝင်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးအတွက် NUG က ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်

By 001(မဇ္စျိမ)
24 September 2023
ဖယ်ခုံတွင် CDM ဝင်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးအတွက် NUG က ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်
ပုံအညွှန်း-စစ်ကောင်စီတပ်သား ယူဆောင်လာသည့် လက်နက်အား တွေ့ရစဥ်(ဓာတ်ပုံ-Pekhon PDF - 2 ၊ B 1006 )

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် CDM ဝင်လာသည့် စစ်ကောင်စီတပ်သား သုံးဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ဆုကြေးငွေ ကျပ် ၁၁၄ သိန်း ချီးမြှင့်ခဲ့ကြောင်း ဖယ်ခုံ PDFတပ်ရင်း (၁၀၀၆) က စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန် သည်။

အဆိုပါ စစ်ကောင်စီတပ်သား သုံးဦးမှာ ယခု စက်တင်ဘာလအတွင်း လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဘက်ပြောင်းခိုလှုံလာသူများဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ရန် မရှိသေးကြောင်း ဖယ်ခုံ PDF တပ်ရင်း (၁၀၀၆) ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောသည်။

ဖယ်ခုံမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂)ထံသို့ စစ်ကောင်စီ တပ်သားတဦး CDM ဝင်ရောက်မှုလည်း ရှိခဲ့သည်။

NUG အနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံလာသူများကို ဥပဒေအကာအကွယ်များနှင့်အညီ လုံခြုံရေး အာမခံချက် ပေးအပ်လျက်ရှိပြီး အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ထူထောင်ရာတွင်လည်း တာဝန်ထမ်းဆောင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ အစောပိုင်းက ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်‌မြောက် အစီရင်ခံစာတွင် ထုတ်ပြန်ပြောဆိုထားသည်။

ထို့ပြင် အာဏာသိမ်းကာလအတွင်း ပြည်သူ့ဘက်သို့ ကူးပြောင်းလာသည့်စိစစ်ပြီး စစ်ကောင်စီတပ်သား ၃,၀၀၀ ကျော်နှင့် ရဲတပ်သား ၁၀,၀၀၀ ကျော်ရှိကာ လက်နက်နှင့်တကွ ပြည်သူ့ဘက် ရပ်တည်လာ သူများအတွက် ကျပ်သိန်းပေါင်း ၃,၀၀၀ ကျော်ကို ဂုဏ်ပြုငွေအဖြစ် ချီးမြှင့်ထားပြီးဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly