ဖယ်ခုံမြို့ကျေးရွာအချို့တွင် ကလေးငယ်နှင့် ဒေသခံများ အရေပြားရောဂါ ဖြစ်ပွား

By ဂျူချန်း(မဇ္ဈိမ)
12 October 2023
ဖယ်ခုံမြို့ကျေးရွာအချို့တွင် ကလေးငယ်နှင့် ဒေသခံများ အရေပြားရောဂါ ဖြစ်ပွား
ပုံအညွှန်း-အရေပြားရောဂါဖြစ်ပွားနေသည့် ကလေးငယ်များ ၊ ဓါတ်ပုံ- ကယန်းအမျိုးသမီးအစည်းအရုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေကြားရှိ ကျေးရွာအချို့တွင် ကလေးငယ်များအပါအဝင် ဒေသခံများသည် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသဖြင့် အရေပြားရောဂါ ဖြစ်ပွားနေကြသည်ဟု သိရသည်။

အရေပြားရောဂါ ဖြစ်ပွားနေကြသည်မှာ ခြောက်လခန့် ရှိနေပြီဖြစ်ပြီး ရောဂါဖြစ်ပွားသူများအထဲတွင် ကလေးငယ်များ အများဆုံးပါဝင်ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) တာဝန်ရှိသူထံမှ သိရသည်။

“ကျွန်မတို့သွားခဲ့တဲ့ ကျေးရွာ သုံးရွာထဲမှာမှ လူဦးရေ ၇၂၀ ဦးရှိတဲ့ထဲ ၁၅၀ ဦးလောက်က ကူးဆက်ခံရနေတယ်၊ အဲထဲမှာမှ အများဆုံးက ကလေးငယ်တွေဖြစ်တယ်။ တရွာကိုအနည်းဆုံး ငါးယောက်ကနေ ၁၀ ယောက်လောက်မှာဖြစ်နေပြီး တချို့ရွာရှိကလေးငယ် လသားအရွယ်တွေ တရွာလုံးနီးပါးဖြစ်နေတာကို တွေ့ရပါတယ်။ ဖြစ်နေတာတော့ပြီး ငါးလ ခြောက်လ ဝန်းကျင်လောက်ရှိနေကြပြီ တဖြည်းဖြည်းကူးဆက်လာတာကနေ အခုထိပေါ့” ဟု ကယန်းအမျိုးသမီးအစည်းအရုံးမှ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဥ်တာဝန်ခံ အားမူ က မဇ္ဈိမ ကိုပြောသည်။

ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) မှ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာ၊ ဖိုးစိုးကျေးရွာ၊ ခေါင်တလိုကျေးရွာနှင့် လေဒူခေါင်ကျေးရွာ တို့အား ကွင်းဆင်းလေ့လာခဲ့ရာတွင် ကျေးရွာလူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် အရေပြားရောဂါ ဖြစ်ပွားနေကြပြီး လသားအရွယ် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

ယင်းကျေးရွာများအပြင် အနီးဝန်းကျင်ရှိ ကျေးရွာများတွင်လည်း ပြီးခဲ့သည့် ဧပြီလ မတိုင်ခင်ကတည်းက စတင်ကာ ရောဂါဖြစ်ပွားနေကြကြောင်း ဒေသခံများက ဆိုသည်။

“ကလေးတွေမှာက အနာသေးသေးလေးတွေနဲ့ ပြင်လိုက်ထွက်တယ်၊ လူကြီးတွေလည်း ပြင်လိုက်ထွက်ပေမယ့် ပိုထူးခြားတာက အလုံးပိုကြီးတယ်၊ ဆေးခန်းထိသွားခွဲရတာတွေရှိတယ်လို့ ပြောပါတယ်” ဟု အားမူက ပြောသည်။

အဆိုပါကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့အစည်းများ လာရောက်ကူညီပေးရန် လက်လှမ်းမမီခြင်း၊ ဆေးဝါးလုံလောက်မှုမရှိခြင်းတို့ကြောင့် ရောဂါအခြေအနေပိုဆိုးလာနေခြင်းဖြစ်ကြောင်း သိရသည်။

“သိကျိတ်မှာ ကျန်းမာရေးအဖွဲ့ဆေးခန်းရှိတယ်။ ဒါပေမယ့် မိုးတွင်းကာလဖြစ်တော့ သွားလာရေးခက်ခဲတဲ့ သူတွေအတွက် သိကျိတ်ထိဆင်းဖို့ခက်ခဲကြတယ်။ မိုးရာသီဆို ချိန်းပတ် (ဘီးမချော်ရန် သံကြိုးပတ်ရခြင်း) ပြီးသွားရတဲ့ရွာများတယ်။

တချို့အဆင်ပြေတဲ့သူအနေနဲ့ ဆေးခန်းထိ သွားပြနိုင်ပေမယ့် သွားလာဖို့ ခက်ခဲတဲ့ မိသားစုတွေကတော့ အဲ့တိုင်းပဲ အိမ်နီးနားချင်းလူတွေပဲ အကူအညီတောင်းပြီး လူကြီးဆို အရက်ပျံနဲ့ဆေးလိုက်လို့ နည်းနည်းသက်သာတာတော့ရှိတယ် ပြောတယ်” ဟု ကယန်းအမျိုးသမီးအစည်းအရုံးမှ အားမူက ဒေသခံများ၏ အခက်အခဲကို ရှင်းပြသည်။

ယင်းအရေပြားရောဂါသည် ဗိုင်းရပ်စ်တမျိုးကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်ပြီး ကူးစက်လွယ်ကြောင်းနှင့် ပုံမှန် ဆေးလိမ်း၊ ဆေးသောက်ပြုလုပ်နိုင်ပါက ပျောက်ကင်းနိုင်ကြောင်း ဆရာဝန်တဦးက ပြောသည်။

“တကိုယ်ရည် မသန့်ရှင်းလို့ ဖြစ်တဲ့ bacterial skin infections ‌လည်းဖြစ်နိုင်သလို viral skin infections နဲ့ fungal skin infections တွေလည်း ဖြစ်နိုင်ချေ ရှိပါတယ်။ အဓိကကတော့ တကိုယ်ရည်သန့်ရှင်းဖို့ နဲ့ လိုအပ်တဲ့ သောက်ဆေး လိမ်းဆေး ရရင် အဆင်ပြေသွားမှာပါ။ ဖျားနာတာ ယားယံတာ ဗိုက်နာတာ မျိုးတွေ ဖြစ်လာရင် လိုအပ်တဲ့ သောက်ဆေးလေးတွေ ရှိရင်တော့ အဆင်ပြေတာပေါ့။ Antiviral drugs၊ Antibiotics၊ Antifungal drugs တွေကို လိုအပ်သလို အချိန်မီ ပေးနိုင်ရင် နောက်ဆက်တွဲ ဆိုးကျိုးမရှိပဲ အဆင်ပြေနိုင်ပါတယ်” ဟု ဆရာဝန်တဦးက အကြံပြုသည်။

အရေပြားရောဂါဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ်ရှိ  သိကျိတ်ကျေးရွာ၊ ဖိုးစိုးကျေးရွာ၊ ခေါင်တလိုကျေးရွာ၊ လေဒူခေါင်ကျေးရွာ နှင့် အနီးအနားကျေးရွာများမှ ဒေသခံများသည် အရေပြားရောဂါဖြစ်ပွားနေသည်မှာ ခြောက်လခန့်ရှိနေပြီဖြစ်ပြီး ရောဂါဆက်လက်မကူးစက်နိုင်ရန်နှင့် ရောဂါဖြစ်ပွားနေသည့် ကလေးငယ်များအပါအဝင် ဒေသခံများ ဆေးဝါးကုသနိုင်ရန်အတွက် ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးနိုင်မည့် အဖွဲ့အစည်းများမှ သွားရောက်ကူညီပေးကြရန် ကယန်းအမျိုးသမီးအစည်းအရုံးမှ တိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required