မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ CDM ကျောင်းဆရာမကို စစ်​ကောင်စီတပ်က ဖမ်းဆီး

By ၀၀၈(မဇ္ဈိမ)
13 October 2023
မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ CDM ကျောင်းဆရာမကို စစ်​ကောင်စီတပ်က ဖမ်းဆီး
ပုံစာ -ဖမ်းဆီးခံထားရသည့် CDM ဆရာမ ဒေါ်မိုးမိုးသူ

ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းအောက်တိုဘာ ၉ရက်က တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ၌ မှတ်ချက်ပေးခဲ့ခြင်းကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် နေထိုင်သည့် CDM ကျောင်းဆရာမ ဒေါ်မိုးမိုးသူကို အောက်တိုဘာ ၁၂ရက်၊ ညနေ ၅နာရီကျော်တွင် စစ်​ကောင်စီတပ်ဖွဲ့က နေအိမ်ကို စီးနင်းဝင်ရောက် ဖမ်းဆီးသွားကြောင်းသိရသည်။

"အဖမ်းခံရတာ ဟုတ်တယ်။"ဟု မိသားစုဝင်နှင့်နီးစပ်သူတဦးက အတည်ပြုပြောသည်။

ဆရာမသည် အထက(ပလစ)ကျောင်းမှ ၂၀၂၁ ခုနှစ်ကတည်းက CDMပြုလုပ်ခဲ့ပြီး နေအိမ်တွင် ဟော့ပေါ့ရောင်းချနေသူဖြစ်ရာ သတင်းဌာနတခုအောက်တွင် မှတ်ချက်ဝင်ရေးခဲ့၍ စစ်လော်ဘီများက ဖမ်းဆီးရန် တိုင်ကြားခြင်းကြောင့် ယခုလို ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

"ယုတ်မာတာကတော့ ကမ်းကုန်ပဲ။ မမိုး(ဆရာမ)ဆီကို ဟော့ပေါ့လှမ်းမှာပြီး အိမ်ကိုလာဖမ်းတာပဲ။ သူယုံချက်နဲ့သူ ရပ်တည်နေတာပါ။ ဒါကို အခုလို အဖမ်းခံရတော့ စိတ်မကောင်းဘူး။"ဟု ဆရာမနှင့် ရင်းနှီးသူတဦးကဆိုသည်။

စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုကို လူမှုကွန်ရက် စာမျက်နှာတွင် မှတ်ချက်ဝင်ရေးသူ မတ္တရာမြို့နယ်မှ ကိုထွန်းနိုင်နှင့် စဥ့်ကူးမြို့နယ်မှ မမေငယ် ဆိုသူတို့ အောက်တိုဘာ ၁၁ရက်နေ့က ဖမ်းဆီးခံခဲ့ရ​သေးကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly