မိုင်းရှူးမြို့နယ်က မူလတန်းကျောင်းသူ ကျောင်းတွင် ရိုက်နှက်ခံရ၍ ဆေးကုသမှုခံယူ

By ရွှေနွယ်(မဇ္ဈိမ)
13 October 2023
မိုင်းရှူးမြို့နယ်က မူလတန်းကျောင်းသူ ကျောင်းတွင် ရိုက်နှက်ခံရ၍ ဆေးကုသမှုခံယူ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဟိုနမ့်ရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသူ အသက် ခုနစ်နှစ်အရွယ် နန်းငင်းနွံသည် ကျောင်းတွင် ဆရာမ၏ ရိုက်နှက်ခြင်းခံရ၍ ဆေးကုသမှုခံယူနေရသည်ဟု မိသားစုနှင့်နီးစပ်သူတဦးက မဇ္ဈိမကိုပြောသည်။

“ကျောင်းက ကလေးတွေက အဘိုးအဘွားတွေကိုလာပြောတာပေါ့နော့။ ကျောင်းမှာ ဆရာမက စာမရလို့ဆိုပြီး ခေါင်းကို တုတ်နဲ့လည်းရိုက်တယ် ခြေထောက်နဲ့လည်းထိုးတယ်။ အိမ်မပြန်နိုင်လို့ လာခေါ်ပါဆိုပြီး သူ့အဘိုးက သွားခေါ်ရတယ်။ အခုဆေးရုံကိုရောက်တာ လေးရက်ရှိပြီတဲ့” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ငါးရက်ခန့်က နန်းငင်းနွံ့အား ၎င်း၏ ဆရာမဖြစ်သည့် အသက် ၃၀ ကျော်အရွယ် နန်းလွန်းဆိုသူက ကျောင်းတွင် စာမရသောကြောင့်ဟု ဆိုကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကလေးငယ်မှာ ခိုလမ်မြို့ ကုတင် (၈၀၀) စစ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

နန်းငင်းနွံ့၏ မိဘများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး နန်းငင်းနွံ့မှာ အဘိုးအဘွားများနှင့် နေထိုင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ကလေးငယ်မှာ ဆေးရုံတွင် စောင့်ကြည့်ဆဲ အခြေအနေဖြစ်ပြီး ရိုက်နှက်ခံရသည်မှာ ဦးခေါင်းတွင်သာ ရိုက်နှက်ခံထားရခြင်းဖြစ်ကာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ဒဏ်ရာမရှိကြောင်းနှင့် ဦးခေါင်းနှင့် မျက်နှာတွင် ညိုမည်းစွဲဒဏ်ရာများ များစွာရှိနေကြောင်း သိရသည်။

“မနေ့ကတော့ ကျူးလွန်တဲ့ဆရာမ နန်းလွန်းရဲ့ အဖေနဲ့အမေ ဆေးရုံကိုလာကြည့်တယ်ပြောတယ်။ နန်းလွန်းတော့ ပါမလာဘူး။ မိုင်းရှူး ပညာရေးမှူးရုံးက ကလေးမိဘတွေကို ဆက်သွယ်တယ်ဆိုပေမယ့် ဆေးရုံကို လာမကြည့်ဘူး။ ကျူးလွန်တဲ့ဆရာမကို ဘယ်လိုအရေးယူပေးမယ်ဆိုတာလည်း ဘယ်သူကမှ ဘာမှမပြောကြဘူး” ဟု နန်းငင်းနွံ့၏ မိသားစုနှင့်နီးစပ်သူက မဇ္ဈိမကိုပြောသည်။

နန်းငင်းနွံ့၏ အဘိုးအဘွားများမှာ ကျေးရွာတွင်နေထိုင်ကြသူများဖြစ်၍ အသက်ကြီးသူများဖြစ်သည့်အလျောက် ယခုကဲ့သို့ ကလေးငယ်ရိုက်နှက်ခံရခြင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုများအား လုပ်ဆောင်နိုင်စွမ်းမရှိကြကြောင်းလည်း ဒေသခံများကပြောသည်။

"ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာမပြောနဲ့ စိတ်ပိုင်းဆိုင်ရာအရပါ ဆရာ၊ဆရာမတွေရော မိဘတွေရော အကြမ်းဖက်ခွင့် မရှိဘူး။  အပြစ်ပေးတာတွေထက် စိတ်ခံစားချက်တွေ ပါနေကြတာ။ အဲ့ဒီဖြစ်ရပ်ကိုကျွန်မတို့လည်း တွေ့လိုက်ပါတယ်။ ဒီလောက်ကလေးငယ်လေးကို အငြိုးတကြီးနဲ့ ရိုက်ထားသလိုပဲ" ဘားအံ့မြို့နယ်မှ CDM ကျောင်းဆရာမတဦးကပြောသည်။

ထို့အပြင် ကလေးစိတ်ပညာကိုလည်း နားလည်အောင်လေ့လာကြရမှာ ဆရာ၊ ဆရာမတိုင်း၊ မိဘတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ ကလေးများ ကိုင်တွယ်ရခက်ခဲနေခြင်းမှာ ကလေး၏ အပြစ်မဟုတ်ဘဲ ဆရာ၊ ဆရာမများ၏ အပြစ်သာဖြစ်ကြောင်းနှင့် မိမိ၏ စိတ်ခံစားချက်ပေါ်မူတည်၍ ကလေးများအား မပြုမူကြရန်လည်း CDM ကျောင်းဆရာမကပြောသည်။

ပုံအညွှန်း - ဆေးရုံတွင်ဆေးကုသမှုခံယူနေရသည့် နန်းငင်းနွံ

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required