ဒုတိယအကြိမ် အထူးမွမ်းမံသင်တန်း အောင်မြင်စွာ ပြီးစီးသည့် မိုးဗြဲ PDF 

By မောင်ခက်နွေ (မဇ္ဈိမ) 
15 August 2023
ဒုတိယအကြိမ် အထူးမွမ်းမံသင်တန်း အောင်မြင်စွာ ပြီးစီးသည့် မိုးဗြဲ PDF 
ပုံအညွှန်း-အထူးမွမ်းမံသင်တန်းက မိုးဗြဲ PDF တပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ-MBPDF)

ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ဒုတိယအကြိမ်‌မြောက် အထူးမွမ်းမံသင်တန်းကို အောင်မြင်စွာ ပြီးစီးကြောင်း ယနေ့ ဩဂုတ်လ ၁၅ရက်တွင် ထုတ်ပြန်ထားသည်။  

အဆိုပါ သင်တန်းကို ဇူလိုင်လ ၂၂ ရက်မှ ဩဂုတ်လ ၁၂ ရက်အထိ ၂၂ ရက်ကြာ သင်ကြားပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသား  ၃၂ ဦးဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

အထူးမွမ်းမံသင်တန်းတွင် ကိုယ်ခံပညာနှင့် စိတ်ဓာတ် ကြံ့ခိုင်မှုကို အဓိက သင်ကြားပေးခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးဗြဲ PDF အနေဖြင့် နောက်ထပ် အထူးမွမ်းမံသင်တန်း ပြုလုပ်ရန်နှင့် စစ်လက်နက်အချို့ ဝယ်ယူနိုင်ရန် ပြည်သူများအနေဖြင့် ဆက်လက်ကူညီ ထောက်ပံ့ပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။

“အဓိကကတော့ ဘတ်ဂျက်ပေါ့နော် ငွေကြေး အခက်အခဲရှိပါတယ်”ဟု မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောသည်။

ပထမအကြိမ် မွမ်းမံသင်တန်းကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့ပြီး ၁၆ ရက်ကြာ သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။ 

လက်ရှိတွင်အမှတ် (၁၀၀၁)၊ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF)၏ အဓိကစစ်ရေးလှုပ်ရှားနေရသည့်  မိုးဗြဲမြို့အတွင်းတွင် စစ်ကောာင်စီတပ်များနှင့် တိုက်ပွဲဖော်ဆောင်မှုများ မပြုနိုင်သေးသော်လည်း  အသေးစားစစ်ဆင်ရေးတို့ဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required