ရွာငံတွင် ချိပ်ပိတ်ခံထားရသည့် နေအိမ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံး

By ဂျူချန်း(မဇ္ဈ်ိမ)
11 August 2023
ရွာငံတွင် ချိပ်ပိတ်ခံထားရသည့် နေအိမ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံး
ဩဂုတ် ၁ ရက်နေ့က တိုက်ခိုက်မှုပြုလုပ်သည့်ကာကွယ်ရေးတပ်ဖွဲ့။

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာရှိ ချိပ်ပိတ်ခံထားရသည့် နေအိမ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ၍ နှစ်ဦးသေဆုံးသွားကြောင်း တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၁ရက်နေ့က နွားဘန်းကြီးကျေးရွာရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်တင်မိ၏ ချိပ်ပိတ်ခံထားရသည့် နေအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော်အား  မှော်ဘုရင်စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသအတွင်းအရှိ တော်လှန်ရေးသတင်းများကို  ရေးသားပေးနေသည့် Voice of Pindaya တွင် ဖော်ပြထားသည်။

“ချိပ်ပိတ်ပြီးတော့ တပ်စွဲထားတဲ့သဘောပါ။ အလစ်ဝင်တိုက်တာ နှစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရပြီးတော့ ထွက်ပြေးတယ်” ဟု မှော်ဘုရင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ မဇ္ဈိမ၏ သတင်းအရင်းအမြစ်က ပြောသည်။ 

တော်လှန်ရေးတပ်သားများ လုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဩဂုတ်လ ၁၀ ရက်တွင်မှ သတင်းထုတ်ပြန်ခြင်းဟုသိရသည်။

  အာဏာသိမ်းပြီးနောက်  နွားဘန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခြင်း၊ ဖမ်းဆီးခြင်းများ မကြာခဏ လုပ်ဆောင်လေ့ရှိပြီး တက်ကြွလှုပ်ရှားသူများ၏ နေအိမ် သုံးလုံးထက်မနည်း ချိပ်ပိတ်ခံထားရသည်ဟု သတင်းအရင်းအမြစ်က ပြောသည်။ 

“မီးရှို့တာတွေ၊ ဖမ်းဆီးတာတွေက နွားဘန်းကြီးမှာ ဖြစ်တာများတယ်။ နွားဘန်းကြီးကလည်း တော်လှန်ရေးမှာ စိတ်အားထက်သန်လို့ ပိုပြီးအဖိခံရတယ်လို့လည်း ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်ဇူလိုင်လ ၃၁ ရက် ညပိုင်းတွင်လည်း ရွာငံမြို့ ပဲယင်းတောင်နှင့် လွှစင်ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်လာကာ နေအိမ်လေးလုံးကို မီးရှို့၍ အရပ်သား သုံးဦးအား ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်အထိ ပြန်မလွှတ်သေးကြောင်း သိရသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) အား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၇ ရက်၌ ဖွဲ့စည်းခဲ့ကြောင်း ဇူလိုင်လ ၂၉ ရက်တွင် ကြေညာပြီးသည့်နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ရွာငံနှင့် ပင်းတယတို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့် တင်းကြပ်ထားကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly