စစ်ကိုင်းမြို့က Hello Mobile ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီကဖမ်းဆီးပြီး အိမ်ကိုပါချိပ်ပိတ်

By 007(မဇ္စျိမ)
22 September 2023
စစ်ကိုင်းမြို့က Hello Mobile ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီကဖမ်းဆီးပြီး အိမ်ကိုပါချိပ်ပိတ်
ပုံအညွှန်း-ချိပ်ပိတ်ခံရသည့် Hello Mobile ဆိုင်။ (ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက် ၊စျေးလမ်းရှိ Hello Mobile ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၂၀ ရက်နေ့နံနက် ၉ နာရီခန့်တွင် ဖမ်းဆီးပြီး ဆိုင်ကိုချိပ်ပိတ်လိုက်ကြောင်း စစ်ကိုင်းဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

“စစ်ကိုင်းမှာ Hello ဖုန်းဆိုင်ဆိုရင် လူတိုင်းသိကြပါတယ်။  အဲဒီက ကိုဝေဖြိုးကို စကစ(စစ်ကောင်စီတပ်ဖွဲ့)က သူ့ဆိုင်ထဲအထိ ၀င်ဖမ်းပြီး၊ ဆိုင်ကိုပါချိပ်ပိတ်လိုက်တယ်။ ကိုဝေဖြိုးက နိုင်ငံရေးဘာအရောင်မှ မရှိပါဘူး။ စစ်လော်ဘီတွေမြှောက်ပေးလို့ ၀င်ဖမ်းသွားတာပါ” ဟု အမည်မဖော်လိုသူ စစ်ကိုင်းမြို့ခံသတင်းရင်းမြစ်တဦးက ပြောသည်။

Hello Mobile ဆိုင်ပိုင်ရှင် အသက် ၃၉ နှစ်အရွယ် ကိုဝေဖြိုးဆိုသူကို ယင်းနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ည ၁၀ နာရီခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့က ဆိုင်ကိုလာရောက်ချိပ်ပိတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“သူ့စီးပွားသူလုပ်နေတာပါ။  ပိုက်ဆံချမ်းသာတဲ့ အသိုက်အ၀န်းထဲတော့ ပါတယ်။ အကြောင်းမဲ့၀င်ဖမ်းတာပါ။  ငွေကြေးတောင့်တင်းတဲ့ စီးပွားရေးသမားတွေကို ပစ်မှတ်ထားနေပြီလို့ ယူဆတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ကိုင်းမြို့ခံ နိုင်ငံရေးအင်အားစုမှတဦးက မှတ်ချက်ပြုသည်။

လက်ရှိတွင် ကိုဝေဖြိုးအား စစ်ကိုင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး မည်သည့်ပုဒ်မနှင့်မျှ အမှုဖွင့်ထားခြင်းမရှိသေးဘဲ စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သည့် အသိုက်အ၀န်းထံက  သိရသည်။

စစ်ကောင်စီသည် ယမန်နှစ်မေလ ၅ ရက်နေ့ကလည်း  စစ်ကိုင်းမြို့၊ နန္ဒ၀န်ရပ်ကွက်ရှိ သုခသစ္စာပုဂ္ဂလိကဆေးရုံပိုင်ရှင် ဒေါက်တာအေးသီတာခိုင်ကို PDF အား ငွေကြေးထောက်ပံ့‌ကြောင်း စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

ထို့အပြင် မေလ ၆ ရက်နေ့တွင်လည်း စစ်ကိုင်းမြို့ ၊ မင်းလမ်းရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းရှိ ကုဋေမြိုင်စတိုးဆိုင်ပိုင်ရှင် မလှိုင်ဇာဖြူကိုလည်း အလားတူစွပ်စွဲချက်များဖြင့် ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့‌ကြောင်း သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly