ထိုင်ဝမ်နှင့် ပေါင်းစည်းရေးနှင့်ကိုယ်ပိုင်နည်းပညာများတိုးတက်ရေး ဆောင်ရွက်ရန် တရုတ်သမ္မတ တိုက်တွန်း 

ထိုင်ဝမ်နှင့် ပေါင်းစည်းရေးနှင့်ကိုယ်ပိုင်နည်းပညာများတိုးတက်ရေး ဆောင်ရွက်ရန် တရုတ်သမ္မတ တိုက်တွန်း 

တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံအနေဖြင့် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို အခြေပြုသည့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကိုယ့်အားကိုယ်ကိုးနိုင်မည့် စွမ်းရည်များကို အရှိန်မြှင့် ဖော်ဆောင်ရန် တိုက်တွန်းခဲ့ပြီး ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသော ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို မလွဲမသွေ တိုးမြှင့်ဆောင်ရွက်သွားမည်ဟု မတ်လ ၁၃ ရက်တွင် ကတိပြုခဲ့ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။

ရှီသည် ၎င်းအား မကြုံစဖူး တတိယအကြိမ် သမ္မတသက်တမ်းကို ထမ်းဆောင်ခွင့်ပေးခဲ့သော နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည့်မိန့်ခွန်း၌ ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားတဲ့ တာဝန်တွေကို သစ္စာရှိရှိ ထမ်းဆောင်သွားမှာပါ” ဟု ရှီက ပေကျင်းရှိ လွှတ်တော်ကိုယ်စားလှယ် ၃ ၀၀၀ ခန့်ကို ပြောကြားခဲ့ကြောင်း Nikkei Asia တွင် ဖော်ပြထားသည်။

တရုတ်သမ္မတက အမေရိကန်အပါအဝင် အခြားဒီမိုကရေစီနိုင်ငံများနှင့် တင်းမာမှုများကို ရည်ညွှန်းပြောဆိုလျက် သိပ္ပံနှင့်နည်းပညာတွင် ကိုယ့်အားကိုယ် ကိုးနိုင်စေရန်နှင့် အားသာချက်များ ရရှိစေရန် ဆောင်ရွက်ပြီး စက်မှုအသွင်ကူးပြောင်းရေးကို တိုးမြှင့်ဆောင်ရွက်သွားသင့်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်နှင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီတို့တွေ့ဆုံရန် စီစဉ်ထားသည့် သတင်းများကြောင့် ရှီကျင့်ဖျင်က ခွဲထွက်ရေး ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး သတိပေးခဲ့သလို ပြည်ပ ဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်ကြောင်း လွန်ခဲ့သည့် ၅ နှစ်က သမ္မတပြန်လည်ခန့်အပ်ရာတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအတိုင်း ရှီက ထပ်မံပြောကြားခဲ့ကြောင်း Nikkei Asia တွင် ဖော်ပြထားသည်။ 

ထိုင်ဝမ်ကို အင်အားသုံး ထိန်းချုပ်မည့်နည်းကို စွန့်လွှတ်ခဲ့ခြင်းမရှိသည့် တရုတ်သည် ယမန်နှစ်က အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်သို့ လာရောက်ပြီးနောက် ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်လုံခြုံရေးကို ထိန်းသိမ်းနိုင်မှုစွမ်းရည်အား မဖြစ်မနေ မြှင့်တင်ရန်လိုကြောင်း ရှီက ပြောကြားခဲ့ပြီး စစ်တပ်အား ခေတ်မီအောင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ 

ကမ္ဘာ့နံပါတ်-၂ စီးပွားရေးနိုင်ငံဖြစ်သော တရုတ်ရှိ အဓိကကဏ္ဍများတွင် ပိုမိုတင်းကျပ်သော ကန့်သတ်ချက်များကို ချမှတ်နိုင်မည့် လုပ်ဆောင်ချက်အဖြစ်  ဘဏ္ဍာရေးကဏ္ဍစောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် အမျိုးသားဒေတာအချက်အလက် အေဂျင်စီအသစ် ထူထောင်ခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှု အများအပြားကို ပြည်သူ့ကွန်ဂရက်တွင် အတည်ပြုခဲ့ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly