တရုတ်သမ္မတရှီကျင့်ဖျင်က မိမိအားအထင်ကြီးအောင် ချီးမွမ်းရန် ပါတီတွင်း  ဖိအားပေးနေကြောင်း သတင်းများဖော်ပြ

By ANI
18 February 2023
တရုတ်သမ္မတရှီကျင့်ဖျင်က မိမိအားအထင်ကြီးအောင် ချီးမွမ်းရန် ပါတီတွင်း  ဖိအားပေးနေကြောင်း သတင်းများဖော်ပြ

တရုတ်သမ္မတရှီကျင့်ဖျင်သည် မကြာသေးမီနှစ်များက တရုတ်နိုင်ငံအတွင်း၌ ချီးကျူးဂုဏ်ပြုမှုနှင့် လွန်လွန်ကဲကဲမြှောက်စားခံရမှုအများအပြားရရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည်။

သူ့အပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများလာခြင်းကြောင့် ယခုကဲ့သို့ ချီးမွမ်းမှုများသည် အတင်းအကျပ် လုပ်ယူထားလားဆိုသည့် သံသယများလည်း ကြီးထွားလာကြောင်း The Singapore Post သတင်းတွင် ဖော်ပြထားသည်။

ရှီသည် တရုတ်ကို တောက်ပသောအနာဂတ်ဆီသို့ ထိန်းကျောင်းပေးနေသည့် ပြုပြင်ပြောင်းလဲရေးသမား ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဟူသော သတင်းစကားသည် နိုင်ငံပိုင်မီဒီယာမှသည် ဒေသဆိုင်ရာအရာရှိများအထိ ပြောနေကျစကား ဖြစ်လာသည်။
တရုတ်ကွန်မြူနစ်ပါတီကို တင်းကျပ်စွာ ထိန်းချုပ်ထားရန်နှင့် မော်စီတုံးနှင့် တိန့်ရှောင်ဖင်တို့နှင့်အပြိုင် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို မြှင့်တင်ရန် ရှီကျင့်ဖျင်က အာဏာကို အသုံးချနေသည်။

ရှီကျင့်ဖျင်၏ အရည်အသွေးနှင့် အတွေးအခေါ်ကို မျက်ကန်းချီးမွမ်းပြီး ရှီကျင့်ဖျင်အပေါ် သစ္စာစောင့်သိမှုကို အပြိုင်အဆိုင် ဖော်ပြနေကြခြင်းသည် စိတ်ပျက်ဖွယ်ဖြစ်သည်ဟု The Singapore Post တွင်ဖော်ပြထားသည်။

ရှီကျင့်ဖျင်အား ဖူ့ကျန့်ပါတီအတွင်းရေးမှူးကျိုကျူယိ၏ ရေးသားဖော်ပြချက်သည် မျက်နှာဗြောင်တိုက်ချီးကျူး ခြင်းနှင့် ဝါဒဖြန့်ခြင်းဖြစ်သည်။ ကျိုက ရှီအား ပြည်သူ့ခေါင်းဆောင်ဟု သုံးနှုန်းခဲ့ပြီး ရှီကို ပါတီဗဟိုကော်မတီနှင့် ပါတီတစ်ခုလုံး၏ အခရာအဖြစ်နှင့် ရှီ၏ အတွေးအမြင်ကို  လမ်းညွှန်ချက်အဖြစ် သတ်မှတ်ရန်နှင့် ရှီ၏ အဓိကကျနေမှုနှင့် ပါတီဗဟိုချုပ်ကိုင်မှုအာဏာကို ကာကွယ်စောင့်ရှောက်ရန် ဟူသော ပါတီ၏ ကြွေးကြော်သံများကို ထပ်တလဲလဲဖော်ပြခဲ့သည်။

ကျို၏ အဓိကရည်ရွယ်ချက်မှာ ရှီကျင့်ဖျင်၏ လုပ်ရပ်ကို တရားဝင်ဖြစ်စေရန်နှင့် ရှီအား CCP ၏ အခရာနှင့် ဗဟို ကော်မတီ၏ နှလုံးသားအဖြစ် ပြသရန်ဖြစ်ကြောင်းကို ကျို၏ချီးမွမ်းချက်များကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ 

ဖူ့ကျန့်၊ စီချွမ်၊ အတွင်းမွန်ဂိုလီးယား၊ အန်ဟွေးနှင့် ယူနန်ရှိ ပါတီအတွင်းရေးမှူးများသည် ၂၀၂၃ ခုနှစ်ထုတ် နိုင်ငံပိုင်မီဒီယာ People's Daily တွင် ရှီကျင့်ဖျင်အကြောင်း ချီးမွမ်းခန်းဖွင့် ရေးသားခဲ့ကြသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required