သမ္မတရှီကျင့်ဖျင်၏အမည် ချန်လှပ်ခဲ့သည့်  People's Daily သတင်းစာစောင်ရေ သန်းပေါင်းများစွာ ပြန်သိမ်းဆည်းခံရ

By RFA
07 April 2023
သမ္မတရှီကျင့်ဖျင်၏အမည် ချန်လှပ်ခဲ့သည့်  People's Daily သတင်းစာစောင်ရေ သန်းပေါင်းများစွာ ပြန်သိမ်းဆည်းခံရ

တရုတ်နိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးအကြောင်း ရေးသားထားသော သုံးသပ်ချက်ဆောင်းပါးတွင်  သမ္မတ ရှီကျင့်ဖျင်၏ အမည်ကို ချန်လှပ်ထားမိသဖြင့် ဖြန့်ချိထားပြီးသား People’s Daily သတင်းစာစောင်ရေ သန်းပေါင်းများစွာကို အာဏာပိုင်များက ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သတင်းရင်းမြစ်များက RFA သို့ ပြောသည်။

‘စည်းလုံးညီညွတ်မှုနှင့် ရုန်းကန်မှုသည် တရုတ်လူမျိုးများအတွက် သမိုင်းဝင်ဆောင်ရွက်ချက်တစ်ခုကို ရှေ့ဆက်လှမ်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်’ ဟုခေါင်းစဉ်တပ်ထားသော စာမျက်နှာနံပါတ် ၅ ပါ ဆောင်းပါးတွင် ရှီကျင့်ဖျင်လက်ထက် တရုတ်၏အောင်မြင်မှုများကို ရေးသားထားသည်။

သို့သော် ဝါကျတစ်ကြောင်းတွင် ကွန်မြူနစ်နိုင်ငံများ၏ အသုံးအနှုန်းဖြစ်သည့် ရဲဘော် ဟူသော စကားလုံး၏ နောက်တွင် ရှီကျင့်ဖျင်အမည်ကို မရေးသားထားပေ။ ‘ရဲဘော်ဦးဆောင်သော ဗဟိုအစိုးရသည် အခြေအနေများကို ချင့်ချိန်အကဲဖြတ်သည်’ ဟု သတင်းစာတွင် ရေးသားချက်ကို ‘ရဲဘော်ရှီကျင့်ဖျင်ဦးဆောင်သော ဗဟိုအစိုးရသည် အခြေအနေများကို ချင့်ချိန်အကဲဖြတ်သည်’ ဟု အွန်လိုင်းတွင် ပြန်လည်တည်းဖြတ်ထားသည်။

သတင်းစာများကို တိတ်တဆိတ်ပြန်လည်သိမ်းဆည်းရန် အာဏာပိုင်များက တင်းတင်းကျပ်ကျပ် စည်းကမ်းထုတ်ထားသော်လည်း သတင်းစာဖြန့်ချိပြီး နာရီပိုင်းအကြာ၌ တည်းဖြတ်မှုအမှားအကြောင်း ဌာနတွင်းညွှန်ကြားချက်မှာ ပေါက်ကြားခဲ့သည်။ မတ်လ ၃၀ ရက်ထုတ် သတင်းစာများအား ဆိုင်များသို့ ထပ်မံမပို့ရန်နှင့် ဖြန့်ချိပြီးသား စောင်ရေ ၃ သန်းခန့်ကိုလည် ချက်ချင်းပြန်သိမ်းယူရန် ညွှန်ကြားချက်၌ ဖော်ပြထားသည်။
ထိုအမှားကြောင့် တရားဝင် ဝါဒဖြန့်သတင်းအဖွဲ့သားအားလုံးသည် ဆိုးကျိူးတစ်ခုနှင့် ကြုံတွေ့ရမည်ကို ကြောက်ရွံ့နေကြောင်း အမည်မဖော်လိုသည့် အယ်ဒီတာဟောင်းတစ်ဦးက ပြောသည်။

အဆိုပါဆောင်းပါးကို ကလောင်အမည် ရန်ပင် ခေါ် စာရေးဆရာတစ်ဦးက ရေးသားထားပြီး မည်သူမှန်း ချက်ချင်း မသိရသေးပေ။ စာရေးဆရာ အပြစ်ပေးခံရခြင်း ရှိ မရှိမှာ ရှီကျင့်ဖျင်၏ စိတ်ထားအပေါ်တွင် မူတည်ကြောင်း ၎င်းအယ်ဒီတာဟောင်းက ပြောသည်။

တရုတ်၏တရားဝင်မီဒီယာများတွင် ဖော်ပြသော ဆောင်းပါးကို ထုတ်ဝေခြင်းမပြုမီ နောက်ဆုံးမူကြမ်းကို ၅ ခေါက်မှ ၆ ခေါက်အထိ စိစစ်တည်းဖြတ်လေ့ရှိပြီး ထိုအမှားကို မည်သူကမျှ သတိထားမိပုံမရပေ။

တရုတ်တွင် တရားဝင်မီဒီယာများသည် အရာရှိများ၏ အမည်များ၊ ဂုဏ်ပုဒ်များနှင့် ရာထူးများနှင့်ပတ်သက်ပြီး တင်းကျပ်သောစည်းမျဉ်းများကို လိုက်နာကြရသည်။

တရုတ်တွင် နိုင်ငံခေါင်းဆောင်များအကြောင်း ရေးသားခြင်းသည် နိုင်ငံရေးတာဝန်တစ်ရပ်ဟု ယူဆပြီး အမည်များနှင့်ရာထူးများ မှားယွင်းဖော်ပြခြင်းကိုလည်း နိုင်ငံရေးဆိုင်ရာမတော်တဆဖြစ်ရပ်အဖြစ် မှတ်ယူသည်။ ခေါင်းဆောင်ဟောင်း မော်စီတုံးလက်ထက်က ထိုကဲ့သို့သော မှားယွင်းမှုများကို ပုန်ကုန်မှုတိုက်ဖျက်ရေး ပြစ်မှုများအဖြစ် စွဲချက်တင်ကာ ကြီးလေးသောပြစ်ဒဏ်များ ချမှတ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ RFA က တရုတ်၏ဝါဒဖြန့်ဌာနကို မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက “စိတ်မရှိပါနဲ့။ အဲဒီအခြေအနေအကြောင်း ကျွန်တော်သိပ်မသိပါဘူး။ သိချင်ရင် People’s Daily သတင်းစာတိုက်ကို မေးကြည့်ပါ” ဟု ဖြေကြားခဲ့သည်။ RFA သည် People’s Daily အယ်ဒီတာ၊ သုံးသပ်ချက်ဆောင်းပါးဌာနနှင့် တခြားပြန်ကြားရေးဆိုင်ရာ ဖုန်းနံပါတ်များကို ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့သည်။

ယခုဖြစ်ရပ်ကြောင့် People’s Daily သတင်းစာ၏ လက်ရှိ အယ်ဒီတာချုပ်နှင့်ဥက္ကဋ္ဌဖြစ်သူ ထျောင်ကျန်းသည် အလုပ်ထုတ်ပယ်ခံရနိုင်ကြောင်း တရုတ်နိုင်ငံမှ သတင်းထောက်အများအပြားက ထင်ကြေးပေးနေကြသည်။

သို့သော် People’s Daily သည် တစ်ချိန်က ဝန်ကြီးချုပ်ဟောင်း ဝမ်ကျားပေါင်၏ အမည်ကိုရေးရာတွင် စာလုံးပေါင်းမှားခဲ့သော်လည်း ဝမ်က အယ်ဒီတာကို အပြစ်မပေးရန် ညွှန်ကြားခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required