ပူတင်နှင့် ရှီကျင့်ဖျင် အောက်တိုဘာလတွင် ပေကျင်းမြို့၌ တွေ့ဆုံမည်

ပူတင်နှင့် ရှီကျင့်ဖျင် အောက်တိုဘာလတွင် ပေကျင်းမြို့၌ တွေ့ဆုံမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အောက်တိုဘာလတွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း  ရုရှားက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ယူကရိန်းမှ ကလေးငယ်များကို ပြည်နှင်ဒဏ်ပေးမှုကြောင့် ဖမ်းဝရမ်းထုတ်ခံရပြီးနောက်ပိုင်း ပူတင်၏ ပထမဆုံးပြည်ပ ခရီးစဉ် ဖြစ်သည်။

၎င်းတို့နှစ်ဦးစလုံးကို ထိန်းချုပ်ရန် အနောက်နိုင်ငံများက ကြိုးပမ်းနေချိန်တွင် ရုရှားနှင့် တရုတ်တို့ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ ပြုလုပ်သင့်ကြောင်း ပူတင်၏ ရင်းနှီးသော မဟာမိတ်နှင့် ရုရှား၏ လုံခြုံရေး ကောင်စီအတွင်းရေးမှူး နီကိုလိုင်ပါထရူရှက်က ပြောကြားခဲ့သည်။

တရုတ်ထိပ်တန်းသံတမန် ဝမ်ယိနှင့် ရုရှားနိုင်ငံ မော်စကိုမြို့၌ တွေ့ဆုံချိန်တွင် ပေကျင်းမြို့၌ ဆွေးနွေး ပွဲများပြုလုပ်ရန် အသေးစိတ်စီစဉ်ခဲ့ကြောင်း Interfax သတင်းဌာနမှ ၎င်းကို ကိုးကားဖော်ပြခဲ့သည်။

မတ်လတွင် လာရောက်ခဲ့သည့် မော်စကိုခရီးစဉ်အတွင်း ရှီ၏ ဖိတ်ကြားမှုကြောင့် ပူတင်သည် တတိယအကြိမ်ကျင်းပမည့် ခါးပတ်လမ်းရပ်ဝန်းဖိုရမ်သို့ တက်ရောက်မည်ဖြစ်သည်။

ယင်းခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) က ယူကရိန်းမှ ကလေးရာ ပေါင်းများစွာကို တရားမဝင် ပြည်နှင်ဒဏ်ပေးကြောင်း သံသယရှိမှုဖြင့် ပူတင်အား ဖမ်းဝရမ်းထုတ်ခဲ့သည်။

ယင်းစွပ်စွဲချက်များကို ရုရှားက ငြင်းဆိုထားပြီး ဖမ်းဝရမ်းသည် အနောက်နိုင်ငံများ၏ ရန်လိုမုန်းတီးမှုကို ဖော်ပြသည့် အထောက်အထားဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားခဲ့သည်။

ရုရှား၏ ယူကရိန်းကို ၂၀၂၂ခုနှစ်အစောပိုင်းတွင် အင်အားအပြည့်ကျူးကျော်ဝင်ရောက်မှုသည် ဒုတိယကမ္ဘာ စစ်နောက်ပိုင်း အသေအပျောက်အများဆုံး ပဋိပက္ခများကို ဥရောပတွင် ဖြစ်ပေါ်စေခဲ့ပြီး ၁၉၆၂ခုနှစ် ကျူးဘား ဒုံးကျည် အကျပ်အတည်းနောက်ပိုင်း ရုရှားနှင့် အနောက်အုပ်စုတို့အကြား အကြီးမားဆုံး ထိပ်တိုက်တွေ့မှု ဖြစ်သည်။

ပူတင်က တရုတ်ကို အလေးပေးဆက်ဆံခဲ့သလို၊ ရှီက ၎င်းကို ထောက်ခံခဲ့သည်။

ကျူးကျော်မှုနောက်ပိုင်း တရုတ်-ရုရှား ကုန်သွယ်မှုသည် မြင့်တက်လာခဲ့ပြီး ပိတ်ဆို့အရေးယူမှုများကြောင့် အနောက်နိုင်ငံများသို့ မရောင်းချနိုင်တော့သည့် ရေနံများကို တရုတ်အပါအဝင် အာရှအင်အားကြီးနိုင်ငံများသို့ ရုရှားက ပိုမိုရောင်းချခဲ့သည်။

ပူတင်သည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်သို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ပြီး ကျူးကျော်မှု မတိုင် မီ ရက်ပိုင်းအလိုတွင် ကန့်သတ်မဲ့ မိတ်ဖက်ဖြစ်ကြောင်း ၎င်းနှင့် ရှီကျင့်ဖျင်တို့က ကြေညာခဲ့သည်။ သို့သော်လည်း ယင်းသည် စစ်ရေးမဟာမိတ်ကို မဆိုလိုကြောင်း ရုရှားက ပြောကြားခဲ့သည်။

ရုရှားနှင့် တရုတ်ကြား ကုန်သွယ်မှုသည် ၂၀၂၃ခုနှစ် ပထမနှစ်ဝက်တွင် ၃၀ ရာခိုင်နှုန်း မြင့်တက်လာပြီး ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော်အထိ တိုးလာမည်ဟု ရုရှားစီးပွားရေးဝန်ကြီး မက်ဇင်ရီရှန်နီကော့ဗ် က တရုတ်ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

အမေရိကန်က တရုတ်ကို ယင်း၏ ရေရှည် မဟာဗျူဟာမြောက် ပြိုင်ဘက်အဖြစ် ရှုမြင်သလို ရုရှားကို သတိကြီးစွာထားရမည့် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required