တရုတ်သမ္မတ ရှီကျင့်ဖျင်က လက်နက်ကိုင်တပ်ဖွဲ့များကို ခပ်မြန်မြန် အဆင့်မြှင့်တင်ရန် တိုက်တွန်း

By Economics Times
14 March 2023
တရုတ်သမ္မတ ရှီကျင့်ဖျင်က လက်နက်ကိုင်တပ်ဖွဲ့များကို ခပ်မြန်မြန် အဆင့်မြှင့်တင်ရန် တိုက်တွန်း

သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် အမေရိကန်ဦးဆောင်သော ထိန်းချုပ်ကန့်သတ်မှု၊ ဝန်းရံမှုနှင့် ဖိနှိပ်မှုတိုက်ပွဲကို ခြိမ်းခြောက်ခံနေရကြောင်း သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် လက်နက်ကိုင်တပ်ဖွဲ့များကို ကမ္ဘာ့အဆင့်မီစံနှုန်းများရှိသည့်တပ်ဖွဲ့ဝင်များဖြစ်ရေး အလျင်အမြန် မြှင့်တင်ရန် တိုက်တွန်းလိုက်သည်။

တရုတ်နိုင်ငံသည် မဟာဗျူဟာအန္တရာယ်များကို ရင်ဆိုင်ရန်၊ ဗျူဟာမြောက် အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် မဟာဗျူဟာရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် နိုင်ငံ၏ အလုံးစုံအင်အားကို စနစ်တကျ အဆင့်မြှင့်တင်ရန် ကြိုးပမ်းမှုအဖြစ် နိုင်ငံ၏မဟာဗျူဟာစွမ်းရည်ကို မြှင့်တင်ရမည်ဟု ရှီက မတ်လ ၈ ရက်တွင် ပြောကြားခဲ့သည်။

အာဏာရကွန်မြူနစ်ပါတီ စစ်လက်ရုံးဖြစ်သော တရုတ်စစ်တပ်နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များကို ကိုယ်စားပြုသည့် ပါလီမန်အခမ်းအနားတွင် ရှီက ၎င်း၏ သဘောထားမှတ်ချက်ကို ကိုယ်စားလှယ်များအား ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

သိပ္ပံနှင့်နည်းပညာတွင် မိမိကိုယ်မိမိ မှီခိုအားထားမှုကို အရှိန်မြှင့်ရန်၊ အရေးပေါ်နယ်ပယ်များတွင် မဟာဗျူဟာမြောက် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ရန်၊ စက်မှုနယ်ပယ်နှင့် ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်ကို ပိုမိုခိုင်မာစေရန်နှင့် နိုင်ငံတော်အရန်ငွေများဖြင့် နိုင်ငံတော်လုံခြုံရေးတွင် ပိုမိုကာကွယ်နိုင်စွမ်းရှိစေရန် ရှီက တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံသည် မဟာဗျူဟာမြောက် အားကောင်းသော အဟန့်အတား စနစ်တစ်ခု တည်ဆောက်ရန်၊ နယ်ပယ်သစ်များနှင့် အရည်အသွေးသစ်များတွင် တိုက်ခိုက်ရေး တပ်ဖွဲ့များကို အဆင့်မြှင့်တင်ရန်နှင့် တိုက်ခိုက်ရေးကို ဦးတည်သော စစ်ရေးလေ့ကျင့်မှုကို နက်နက်ရှိုင်းရှိုင်း မြှင့်တင်ရန် လိုအပ်ကြောင်း ရှီက ယမန်နှစ် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တရုတ်၏ ကာကွယ်ရေးအသုံးစရိတ်သည် လွန်ခဲ့သည့် ၁၀ စုနှစ်များအတွင်း အကြမ်းဖျင်းအားဖြင့် ၂ ဆတိုးလာပြီး တပ်ဖွဲ့ဝင် ၂ သန်း၊ သင်္ဘောအရေအတွက်အရ ကမ္ဘာ့အကြီးဆုံးရေတပ်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင် အကြီးဆုံး ဒုံးကျည်နှင့်လေကြောင်းတပ်ဖွဲ့များနှင့်အတူ ကမ္ဘာ့အင်အားအတောင့်တင်းဆုံးစစ်တပ်ကို ပိုင်ဆိုင်ထားသည်။

“အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက တရုတ်နိုင်ငံကို ဘက်စုံကနေ ပိတ်ဆို့ ဝန်းရံ ဖိနှိပ်တာတွေ လုပ်နေပြီး ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မကြုံစဖူး ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဖြစ်စေပါတယ်” ဟု ရှီ၏ ပြောကြားချက်ကို ကိုးကား၍ Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် နိုင်ငံရေးစနစ်အတွင်း တာဝန်သိစိတ်ဖြင့် အတူယှဉ်တွဲနေထိုင်လိုကြောင်းနှင့် တရုတ်နိုင်ငံကို ဖိနှိပ်ရန် ရည်ရွယ်ချက်မရှိကြောင်း  အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က တုံ့ပြန်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required