မကွေးမြို့တွင် ယာဉ်ထိန်းရဲ ပစ်ခတ်ခံရ၍ သေဆုံး

By ကိုခင်မောင်
11 February 2023
မကွေးမြို့တွင် ယာဉ်ထိန်းရဲ ပစ်ခတ်ခံရ၍ သေဆုံး

မဇ္ဈိမ။    ။ မကွေးတိုင်း၊ မကွေးမြို့၊ ပြည်တော်သာရပ်ကွက်တွင်  ယာဉ်ထိန်းရဲ တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့မှ ယမန်နေ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ရက် ညနေ ၃နာရီ ၃၀မိနစ်တွင် ပြည်တော်သာရပ်ကွက်၊ ကောင်းမွန်ကုန်တိုက်ရှေ့တွင် ဆိုင်ကယ်ပေါ်မှ သေနတ်ငါးချက်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း  ယင်းအဖွဲ့တာဝန်ရှိထံမှ သိရသည်။

“အဲဒီ ယာဉ်ထိန်းရဲ  နာမည်နဲ့ ကိုယ်ရေးအကြောင်းမသိရသေးဘူး။  ရှင်းလင်းဖို့ ကြာချိန် သုံးမိနစ်ဝန်းကျင်ပဲ။ အခက်အခဲတော့အရမ်းကြီးမရှိဘူး ။ဆိုင်ကယ် နှစ်ယောက်စီးမရတော့ တစ်ယောက်တည်းပဲ ဆိုင်ကယ်စီးရင်း ပစ်ခဲ့တာဗျ။ နေရာမှာတင်သေသွားတယ်ဗျ ။ ငါးချက်ပစ်ခဲ့တာပါ” ဟု မကွေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများသည်  အာဏာသိမ်း နှစ်နှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်က ပြုလုပ်သော အသံတိတ်သပိတ် ပျက်စီးရန် ရည်ရွယ်ချက်ဖြင့် ဆိုင်ကယ် အစီးတစ်ရာကျော်ကို နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီးသည့်အတွက် မကွေးပြောက်ကျားတပ်ဖွဲ့အနေဖြင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် နိုင်ဝင်ဘာ ၁၄ရက်တွင်လည်း ယာဉ်ထိန်းရဲမှူးစိန်ဝင်းကို မကွေးပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၊ မကွေးပြောက်ကျားတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဒေါက်တိုင်မှန်သမျှကို တွေ့ရာနေရာ၌ ရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း မိဘပြည်သူများအား အသိပေးထားသည်။

ထို့အပြင် အာဏာရှင်စနစ်ဆိုး ကျရှုံးသည်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ရှိရာ နေရာများနှင့် ဝေးဝေးနေပေးရန်၊ ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းပေးကြရန်လည်း မကွေးပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly