ပိုင်နက်နယ်မြေဖြစ်ကြောင်း ရည်ညွှန်းပြောဆိုသည့် တရုတ်အစိုးရကို ထိုင်ဝမ် ရှုတ်ချ

By Focus Taiwan
02 January 2023
ပိုင်နက်နယ်မြေဖြစ်ကြောင်း ရည်ညွှန်းပြောဆိုသည့် တရုတ်အစိုးရကို ထိုင်ဝမ် ရှုတ်ချ

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားခေါင်းဆောင် ဗလာဒီမီယာပူတင်တို့ ဒီဇင်ဘာ ၃၀ ရက်က အွန်လိုင်းမှ တွေ့ဆုံမှုအပြီးတွင် တရုတ်က ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း မှားယွင်းစွာ ထုတ်ပြန်မှုအတွက် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) က ဒီဇင်ဘာ ၃၁ ရက်တွင် ကန့်ကွက်လိုက်သည်။

တရုတ်၏ထုတ်ပြန်ချက်၌ ရုရှားသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံရန် ကတိပြုကြောင်းနှင့် ယင်းက ထိုင်ဝမ်နှင့်တရုတ်သည် နိုင်ငံတူသည်ဟူသောအယူအဆကို ဖော်ပြရာရောက်ကြောင်း ဖော်ပြထားသည်။

တရုတ်အာဏာပိုင်များသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရုတ်၏အချုပ်အခြာအာဏာနှင့်ပတ်သက်၍ အမှားများ ပြောဆိုရန် တခြားနိုင်ငံများနှင့် အဆင့်မြင့် တရားဝင်ဆွေးနွေးပွဲများကို ထပ်မံအခွင့်အရေးယူကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏အစိတ်အပိုင်းမဟုတ်ကြောင်း၊ တရုတ်အစိုးရသည် ထိုင်ဝမ်ကို တစ်ကြိမ်တစ်ခါမျှ မအုပ်ချုပ်ဖူးကြောင်းနှင့် ထိုင်ဝမ်၏အချုပ်အခြာအာဏာကို နှောင့်ယှက်ရန်ကြိုးစားသည့် တရုတ်၏လုပ်ရပ်များကို ရှုတ်ချသင့်ကြောင်း ဖော်ပြထားသည်။

ထိုင်ဝမ်ရေလက်ကြားနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေသည့် တရုတ်နှင့် ရုရှားတို့ကိုလည်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ခဲ့သည်။

တရုတ်သည် သတင်းအချက်အလက်စစ်ပွဲတွင် ပါဝင်ပတ်သက်နေကာ ၎င်း၏စစ်လေယာဉ်နှင့် ရေယာဉ်များသည် ထိုင်ဝမ်အနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်လုပ်ဆောင်နေသလို ယူကရိန်းကို ရုရှားကျူးကျော်မှု သည်လည်း ကုလသမဂ္ဂ ပဋိဉာဉ်ကို ချိုးဖောက်ရာရောက်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

အမိန့်ပေးအာဏာပြဝါဒကျင့်သုံးသူများ၏ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ထိုင်ဝမ်သည် ဒီမိုကရေစီနှင့် လွတ်လပ်မှုစံနှုန်းများကို တန်ဖိုးထားသောနိုင်ငံများနှင့် ဆက်ဆံရေးဖလှယ်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly