တရုတ်ထောင်ချောက်အတွင်း မသက်ဆင်းမိစေရန် ဟွန်ဒူးရပ်စ်ကို ထိုင်ဝမ် သတိပေး

By Taiwan News 
18 March 2023
တရုတ်ထောင်ချောက်အတွင်း မသက်ဆင်းမိစေရန် ဟွန်ဒူးရပ်စ်ကို ထိုင်ဝမ် သတိပေး

ဟွန်ဒူးရပ်စ်က ထိုင်ဝမ်အစား တရုတ်နှင့် သံတမန်ဆက်ဆံရေးပြောင်းလဲထူထောင်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသဖြင့်  ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) က ယင်းဆုံးဖြတ်ချက်ကို သေချာပြန်စဉ်းစားရန်နှင့် တရုတ်ထောင်ချောက်အတွင်း မသက်ဆင်းမိစေရန် သတိပေးလိုက်သည်။ 

တရုတ်နှင့် သံတမန်ဆက်ဆံရေး စတင်ထူထောင်ရန် နိုင်ငံခြားရေးဝန်ကြီး အယ်ကာဒိုရေအား ညွှန်ကြားထား ကြောင်း ဟွန်ဒူးရပ်စ်သမ္မတ စီရိုမာရာကက်စထရိုက တွစ်တာတွင် မတ်လ ၁၄ ရက်က ကြေညာခဲ့သည်။

“အစိုးရအဖွဲ့ရဲ့ အစီအစဉ်ကို လိုက်နာပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ လွတ်လပ်စွာ ဆက်ဆံရေးချဲ့ထွင်ဖို့ ဒီလှုပ်ရှားမှုကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု ကက်စထရိုက ပြောကြားခဲ့သည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းကိစ္စရပ်နှင့်ပတ်သက်ပြီး သတင်းအချက်အလက်များရရှိထားကြောင်းနှင့် ဟွန်ဒူးရပ်စ်အစိုးရအား အလွန်စိုးရိမ်ပူပန်ကြောင်း မတ်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်က ၎င်းသည် မဟာမိတ်များ၏ ယုံကြည်စိတ်ချရသော မိတ်ဖက်ဖြစ်ကြောင်း ဟွန်ဒူးရပ်စ်ကို ကြိမ်ဖန်များစွာ ရှင်း ရှင်းလင်းလင်း ပြောကြားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟွန်ဒူးရပ်စ်၏ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရာတွင် တက်နိုင်သမျှအကောင်းဆုံး စဉ်ဆက် မပြတ် ကူညီပေးခဲ့ကြောင်း ထိုင်ဝမ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဟွန်ဒူးရပ်စ်နှင့် ဆက်ဆံရေးတိုးတက်စေရေးဆောင်ရွက်နေသည့် တရုတ်၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ထိုင်ဝမ်၏ နိုင်ငံတကာသံတမန်ဆက်ဆံရေးကို အားနည်းအောင်ပြုလုပ်ရန်ဖြစ်သည်ဟုလည်း သတိပေးခဲ့သည်။

တရုတ်က ဟွန်ဒူးရပ်စ်ပြည်သူများ ကောင်းကျိုးချမ်းသားရေးအတွက် အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုကို စိတ်ရင်းမှန်ဖြင့် ပြုလုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း MOFA က ပြောကြားခဲ့သည်။

ဟွန်ဒူးရပ်စ်သည် ဗဟိုအမေရိကတွင် ထိုင်ဝမ်၏ အရေးပါသော မိတ်ဆွေနိုင်ငံဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required