တရုတ်တွင် COVID-19 ထိန်းချုပ်ရေးမူဝါဒများအပေါ် ဆန့်ကျင်ဆန္ဒပြသူများက သမ္မတ ရှီကျင့်ဖျင် နုတ်ထွက်ရေး တောင်းဆို

တရုတ်တွင် COVID-19 ထိန်းချုပ်ရေးမူဝါဒများအပေါ် ဆန့်ကျင်ဆန္ဒပြသူများက သမ္မတ ရှီကျင့်ဖျင် နုတ်ထွက်ရေး တောင်းဆို

နိုဝင်ဘာ ၂၈

တရုတ်နိုင်ငံတွင် COVID-19 ထိန်းချုပ်ရေးအတွက် အစိုးရက တင်းကျပ်သော လော့ဒေါင်းချမှုများ လုပ်ဆောင်ခြင်းအပေါ် ဒေါသထွက်နေကြသည့် ဆန္ဒပြသူများက ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်တွင် သမ္မတ ရှီကျင့်ဖျင် ရာထူးမှ ဆင်းပေးရေး တောင်းဆိုခဲ့ကြသည်။ ယင်းသည် တရုတ်အစိုးရ၏ COVID ကင်းစင်ရေး မူဝါဒအပေါ် အများပြည်သူအကြား စိတ်ပျက်လက်ပျက်ဖြစ်မှုများ ကြီးထွားလာသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

“ရှီ ကျင့်ဖျင်၊ ရာထူးကနေ ဆင်းပေးပါ။ စီစီပီ (တရုတ် ကွန်မြူနစ်ပါတီ) ဆင်းပေးပါ” ဆိုပြီး ရှန်ဟိုင်းမြို့တွင် ဆန္ဒပြသူများ အော်ဟစ်ကြွေးကြော်ခဲ့ကြသည်ကို ကြားရနိုင်သည်။

“ကျွန်တော် ဒီမှာ ရောက်နေတာက ကျွန်တော့်နိုင်ငံကို ချစ်လို့ရောက်နေတာပါ။ အစိုးရကို ချစ်လို့ မဟုတ်ဘူး။ ကျွန်တော် လွတ်လွတ်လပ်လပ် သွားလာခွင့် ရချင်ပါတယ်။ ဒါပေမယ့် မရဘဲဖြစ်နေတယ်။ ကျွန်တော်တို့ရဲ့ COVID-19 မူဝါဒက ကစားပွဲတစ်ခုပါ။ ဒါက သိပ္ပံ ဒါမှမဟုတ် လက်တွေ့အခြေအနေမှန်အပေါ် အခြေခံမထားပါဘူး” ဟု ရွှမ်ရှောင် အမည်ရ ဆန္ဒပြသူတစ်ဦးက ပြောသည်။

ရဲများသည် ငရုတ်ကောင်း စပရေး အသုံးပြုပြီး ဆန္ဒပြသူများကို လူစုခွဲနှိမ်နင်းခဲ့သော်လည်း ယင်းနောက် နာရီပိုင်းအကြား ဒေသခံများသည် ထိုနေရာသို့ပင် ပြန်ရောက်လာသည့်အတွက် ရဲများက ဆန္ဒပြမှုများကို နောက်တစ်ကြိမ် ထပ်မံ လူစုခွဲခဲ့ရသည်။

လူတချို့ ထိန်းသိမ်းခံရပြီး ဘတ်စ်ကားများဖြင့် ခေါ်ဆောင်ခံခဲ့ရသည်။

ဆိုရှယ်မီဒီယာပေါ် ရောက်လာသည့် ဗီဒီယိုရုပ်သံတစ်ခုတွင် ဘီဘီစီ သတင်းဌာနမှ ဂျာနယ်လစ် အက်ဒ်ဝါ့ လောရင့်စ် ရှန်ဟိုင်းဆန္ဒပြပွဲကို ရုပ်သံရိုက်ရင်း ဖမ်းဆီးခံရသည်ကို မြင်တွေ့ရသည်။

တရုတ် ရဲတချို့က လောရင့်စ်ထံ တစ်ဟုန်ထိုး ပြေးလာပြီး ယင်းနောက် ၎င်းကို မြေပြင်ပေါ် အတင်းဖမ်းချုပ်ဆွဲလှဲကာ လက်နောက်ပြန် လက်ထိတ်ခတ်ကာ ခေါ်ဆောင်သွားပုံကို မြင်ရသည်။

တရုတ်ရဲများသည် ဂျာနယ်လစ် လောရင့်စ်ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ပြီး ဖမ်းခေါ်သွားကာ ယင်းနောက် နာရီအနည်းငယ်အကြာမှ ပြန်လွှတ်ပေးခဲ့ကြောင်း ဘီဘီစီက ပြောသည်။

“ရှန်ဟိုင်းမှာ ဆန္ဒပြပွဲတွေကို သတင်းယူရင်း လက်ထိတ်ခတ် ဖမ်းဆီးခံရတဲ့ မိမိတို့ရဲ့ ဂျာနယ်လစ် အက်ဒ် လောရင့်စ်အပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ အင်မတန့်ကို စိုးရိမ်ပူပန်မိပါတယ်” ဟု ဘီဘီစီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

“သူ့ကို နာရီအနည်းငယ်ကြာ ထိန်းသိမ်းထားပြီးမှ ပြန်လွှတ်ခဲ့တာပါ။ သူ့ကို ဖမ်းထားချိန်မှာ ရဲတွေက ရိုက်နှက်၊ ကန်ကျောက်ခဲ့ပါတယ်။ သူဟာ တရားဝင် အသိအမှတ်ပြုခံထားရတဲ့ ဂျာနယ်လစ်တစ်ဦးအနေနဲ့ အလုပ်လုပ်နေခဲ့ချိန်မှာပဲ ဒီလိုမျိုး ကြုံခဲ့ရတာပါ” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြည်သူတချို့ ၎င်းတို့၏ နေအိမ်များတွင် လေးလကြာ လော့ဒေါင်းချခံထားရသည့် နိုင်ငံအနောက်မြောက် ရှန်ကျန်းဒေသ အူရမ်ချီအရပ်ရှိ တိုက်ခန်းအဆောက်အအုံတစ်ခု၌ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်က မီးလောင်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးသည့် ဖြစ်စဉ် ဖြစ်ပြီးနောက် ယခု ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်ဆိုးတွင် မီးသတ်သမားများ သို့မဟုတ် မီးလောင်မှုမှ လွတ်မြောက်အောင် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသူများသည် သော့ခတ်ထားသည့် တံခါးများ သို့မဟုတ် အခြားသော COVID အစီအမံများဖြင့် ပိတ်ပင်တားဆီးခံခဲ့ရသလား ဆိုသည်နှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် ဒေါသတကြီး မေးခွန်းထုတ်မှုများ ထွက်ပေါ်ခဲ့သည်။

အာဏာရ ကွန်မြူနစ်ပါတီကို ကြုံတောင့်ကြုံခဲ တိုက်ရိုက်စိန်ခေါ်မှုတစ်ခုအဖြစ် ဆန္ဒပြပွဲများသည် နိုဝင်ဘာ ၂၇ ရက်တွင် မြို့တော် ပေကျင်း၊ ဝူဟန်နှင့် ချန်ဒူ အပါအဝင် အခြားသော မြို့ကြီး ခုနစ်ခုထက်မနည်းကို ကူးစက်ပျံ့နှံ့သွားခဲ့သည်။

မြို့တော် ပေကျင်းတွင် လူ ၂၀၀ ခန့် ရှိသော အဖွဲ့အုပ်စုတစ်စုက မြို့တော်၏ အရှေ့ဘက်နေရာတစ်ခုရှိ ပန်းခြံတစ်ခုတွင် စုဝေးခဲ့ကြပြီး စက္ကူအလွတ်များကို ကိုင်မြှောက်ခဲ့ကြရာ ယင်းက အာဏာရပါတီ၏ နေရာတကာ သက်ရောက်သော ဆင်ဆာဖြတ်တောက်မှုကို ဖီဆန်သည့် လက္ခဏာရပ်တစ်ခုဖြစ်သည်။

ပေကျင်းရှိ Tsinghua တက္ကသိုလ်မှ ကျောင်းသား ၂,၀၀၀ ခန့်သည်လည်း COVID-19 တိုက်ဖျက်ရေး ထိန်းချုပ်ကန့်သတ်မှုများ ဖြေလျှော့ရေး စုဝေးတောင်းဆိုခဲ့ကြသည်ဟု ဆိုရှယ်မီဒီယာပို့စ်များအရ သိရသည်။

တရုတ်နိုင်ငံတစ်ဝန်း တက္ကသိုလ် ၅၀ ခုခန့်တွင်လည်း ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ထွက်ပေါ်ခဲ့သည့် အလယ်ပိုင်း မီဂါစီးတီးဖြစ်သော ဝူဟန်တွင်လည်း လူအုပ်စုများက လမ်းများပေါ် ချီတက် ကြွေးကြော်နေကြပုံကို ပြသသည့် ဗီဒီယိုများ ထွက်ပေါ်လာခဲ့ပြီး ယင်းနောက် အဆိုပါ ဗီဒီယိုများသည် အလျင်အမြန်ပင် ဆင်ဆာဖြတ်တောက်ခံခဲ့ရသည်။

အခြားဗီဒီယိုတစ်ခုတွင် ဆန္ဒပြသူများက သတ္တု အကာအရံအတားအဆီးများကို ချိုးဖျက်နေပုံ၊ COVID စစ်ဆေးသည့် ရုံများကို တွန်းလှဲမှောက်ပစ်နေပုံနှင့် လော့ဒေါင်းများ အဆုံးသတ်ရေး တောင်းဆိုနေပုံကို မြင်ရနိုင်သည်။

နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူ မြို့တွင်လည်း ကြီးမားသည့် လူအုပ်ကြီးတစ်ခု စုဝေးခဲ့ကြသည်ကို ဆိုရှယ်မီဒီယာတွင် တက်လာသည့် ဗီဒီယိုများတွင် တွေ့ရသည်။

“ရာသက်ပန် အုပ်ချုပ်သူတွေကို ကျွန်တော်တို့ မလိုချင်ဘူး။ ဧကရာဇ်တွေကို အလိုမရှိဘူး” ဟု လူအုပ်က အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။ ယင်းသည် သမ္မတရာထူးသက်တမ်း အကန့်အသတ်များကို ပယ်ဖျက်ထားသည့် သမ္မတ ရှီကို ရည်ညွှန်းခြင်းဖြစ်သည်။

“အစိုးရရဲ့ လော့ဒေါင်းချမှုတွေ၊ အာဏာအလွဲသုံးစားလုပ်တာတွေ၊ အွန်လိုင်း ဆင်ဆာဖြတ်တောက်မှုတွေကို တင်းတင်းကျပ်ကျပ်လုပ်တာတွေ၊ ရှန်ကျန်း မီးလောင်မှုမှာ အမှန်တရားကို ဖုံးကွယ်နေတာတွေကို မကျေနပ်လို့ ဒီဆန္ဒပြပွဲမှာ ဝင်ပါခဲ့တာပါ။ ရှန်ဟိုင်းမှာ ရှိတဲ့ ပြည်သူတွေနဲ့ တစ်သားတည်း ရှိတယ်ဆိုတာကို ပြဖို့လည်း ဖြစ်ပါတယ်” ဟု ဆန္ဒပြသူတစ်ဦးက DW ၏ ဝီလီယံ ယန်းကို ပြောသည်။

လော့ဒေါင်းသည် အင်မတန် အချိန်ကြာရှည်လွန်းနေပြီဖြစ်ကြောင်းနှင့် ယင်းက ပြည်သူတို့၏ လွတ်လပ်ခွင့်နှင့် အလုပ်အကိုင်များကို ထိခိုက်စေလျက် ရှိကြောင်း၊ ယင်းအတွက်ကြောင့် ဆန္ဒပြပွဲတွင် ပါဝင်ရခြင်း ဖြစ်ကြောင်း အခြားဆန္ဒပြသူတစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် လက်ရှိအချိန်တွင် ပေါင်နှံချေးထားရမှုများနှင့် ကားများကဲ့သို့ ကုန်ကျစရိတ်များကို ကျခံရန် ၎င်းတို့၏ စုဆောင်းငွေများဖြင့် စိုက်ထုတ်နေကြရသည့် ခက်ခဲသည် အချိန်ကာလတွင် အစိုးရက ပေးသော အကူအညီက မစို့မပို့သာ ဖြစ်နေကြောင်း အခြားဆန္ဒပြသူများက ညည်းညူကြသည်။

ယခုသီတင်းပတ်အစောပိုင်းကလည်း ကျန်ကျိုးမြို့ရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတွင် ပေါ်ပေါက်ခဲ့သော ဆန္ဒပြပွဲများက  အကြမ်းဖက်မှုအဖြစ် ပြောင်းလဲထားခဲ့သည်။

ဆန္ဒပြအလုပ်သမားများကို ရဲများက ရိုက်နှက်ခဲ့သည်ကို ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာသည့် ဗီဒီယိုများတွင် မြင်ရသည်။

ထိုစက်ရုံသည် ပြီးခဲ့သည့်လက လော့ဒေါင်းအောက် ရောက်ရှိသွားသည့်အတွက် အလုပ်သမား အများအပြားသည် သီတင်းပတ်များနှင့်ကြာ စက်ရုံတွင်းမှာပင် နေထိုင်အိပ်စက်ခဲ့ကြရသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံ အများအပြားက ကပ်ရောဂါ ဆိုင်ရာ ပိတ်ပင်ကန့်သတ်မှု အများစုကို ဖြေလျှော့ထားပြီး ဖြစ်သော်လည်း တရုတ်နိုင်ငံတွင်မူ သမ္မတ ရှီ၏ COVID ကင်းစင်ရေး မူဝါဒကိုသာ ဆက်လက် ကိုင်ဆွဲထားသည်။

ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများအရ ကြည့်မည်ဆိုပါက နည်းပါးသည် ဆိုသော်လည်း တရုတ်တွင် COVID-19 ကူးစက်သူအရေအတွက်သည် ရက်များကြာ စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိထားခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က ပြည်တွင်းကူးစက်မှုအရေအတွက် ၃၉,၅၀၆ ဦးအထိ ရှိခဲ့သည်။

တရုတ်အစိုးရကမူ ၎င်းတို့၏ ယခု မူဝါဒက လူ့အသက်များကို ကယ်တင်ရန် ဖြစ်ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် မနိုင်မနင်းဖြစ်မည့်အရေးမှ ကာကွယ်ရန် ယင်းကို လိုအပ်ကြောင်း ခုခံကာကွယ်ပြောဆိုသလို ယခုမူဝါဒကို ဆက်လက်ကိုင်ဆွဲသွားမည်ဖြစ်ကြောင်း ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly