ပေကျင်းနှင့် တရုတ်မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှု မြင့်တက်ကာ သဲမုန်တိုင်းများ ဖုံးလွှမ်း 

By Hong Kong CNN 
27 March 2023
ပေကျင်းနှင့် တရုတ်မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှု မြင့်တက်ကာ သဲမုန်တိုင်းများ ဖုံးလွှမ်း 

တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် မြောက်ပိုင်းပြည်နယ် အများအပြားတွင် ပြင်းထန်သော သဲမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လိမ္မော်ရောင်အမှုန်အမွှားများ ဖုံးလွှမ်းကာ လေထုညစ်ညမ်းမှုမှာ အန္တရာယ်ဖြစ်စေသော အဆင့်အထိ မြင့်တက်လာကြောင်း နိုင်ငံမိုးလေဝသအာဏာပိုင်များက မတ် ၂၂ တွင် ထုတ်ပြန်သည်။

လေထုအရည်အသွေးအညွှန်းကိန်း PM10 ( အချင်း ၁၀ မိုက်ခရိုမီတာအောက်ရှိပြီး နှာခေါင်းမှတစ်ဆင့် အဆုတ်ထိ ဝင်ရောက်နိုင်သည့် သဲမှုန်အရွယ်အစားပါဝင်သော လေထုညစ်ညမ်းမှု) ရှိနေသော ပေကျင်းတွင် သဲတိမ်တောင်များ ဖြစ်ပေါ်ခဲ့ကြောင်း ပေကျင်း ဂေဟဗေဒဆိုင်ရာ ပတ်ဝန်းကျင်စောင့်ကြည့်ရေးစင်တာက ထုတ်ပြန်သည်။

ပေကျင်းမိုးလေဝသအာဏာပိုင်များက လူများအား လေ့ကျင့်ခန်းနှင့်အခြားလှုပ်ရှားမှုများအတွက် အပြင်မထွက်ကြရန် သတိပေးထားပြီး ယာဉ်မောင်းများလည်း သတိရှိရန်နှင့် မြင်ကွင်းမရှင်းလင်းသောကြောင့် အရှိန်လျှော့မောင်းရန် မှာကြားခဲ့သည်။

ပေကျင်းမိုးလေဝသ စောင့်ကြည့်ရေးစင်တာ၏ အဆိုအရ မတ် ၂၂ ရက်တွင် ၁ ကုဗမီတာလျှင် PM10 အမှုန်အမွှားများ ပါဝင်ပျံ့နှံ့မှုသည် ၁၆၆၇ မိုက်ခရိုဂရမ်အထိ ရှိပြီး ယခုနှစ်အတွင်း အပြင်းထန်ဆုံးသောသဲမုန်တိုင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။ 
ထိုကိန်းဂဏန်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော ၁ ကုဗမီတာလျှင် ၄၅ မိုက်ခရိုဂရမ် ပျမ်းမျှ သဲမှုန်ပါဝင်မှုထက် ၃၇ ဆ ပိုများသည်။

နွေဦးရာသီ၌ တရုတ်တွင်  သဲမုန်တိုင်းများ မကြာခဏ တိုက်ခတ်လေ့ရှိပြီး စက်မှုလုပ်ငန်းများ၏လည်ပတ်မှု မြင့်တက်လာခြင်းနှင့် တရုတ်နိုင်ငံမြောက်ပိုင်းတစ်ခွင် သစ်တောပြုန်းတီးမှုများကြောင့် ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ရှန်းရှီး၊ ရှန်ရှီး၊ ဟဲပေ၊ ဟေလုံကျန်း၊ ကျီလင်း၊ လျောင်နင်၊ ရှန်တုန်း၊ ဟဲနန်၊ ကျန်းစု၊ အန်ဟွေးနှင့် ဟူပေပြည်နယ်များတွင် မတ် ၂၂ ရက်မှ ၂၃ ရက်နံနက်အစောပိုင်းအထိ တရုတ်မိုးလေဝသဌာနက အဝါရောင်သတိပေးချက် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတွင် မိုးလေဝသသတိပေးချက် အဆင့် ၄ ခုရှိပြီး အနီရောင်က အပြင်းထန်ဆုံးဖြစ်ကာ ၎င်းနောက်တွင် လိမ္မော်ရောင်၊ အဝါနှင့် အပြာရောင်တို့ဖြင့် အဆင့်သတ်မှတ်ထားသည်။ 

အဆိုပါသဲမုန်တိုင်းသည် မတ် ၂၁ ရက်တွင် မွန်ဂိုလီးယားမှ စတင်ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းသို့ တဖြည်းဖြည်း ရွေ့လျားသွားခဲ့ကြောင်း တရုတ်မိုးလေဝသဌာနက ပြောသည်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly