ပုဂ္ဂလိကကုမ္ပဏီများ တိုးတက်ကြီးပွားအောင်လုပ်ပြီး ကြွယ်ဝမှုကို ဝေမျှရန် တရုတ်သမ္မတ တိုက်တွန်း

By Straits Times
15 March 2023
ပုဂ္ဂလိကကုမ္ပဏီများ တိုးတက်ကြီးပွားအောင်လုပ်ပြီး ကြွယ်ဝမှုကို ဝေမျှရန် တရုတ်သမ္မတ တိုက်တွန်း

တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြည်သူအားလုံး သာယာဝပြောရေးအတွက် ပုဂ္ဂလိကကုမ္ပဏီများသည် နိုင်ငံပိုင်ကုမ္ပဏီများနှင့်အတူ တာဝန်ဝတ္တရားများထမ်းဆောင်ခြင်းဖြင့် တိုးတက်ကြီးပွားအောင်လုပ်ကာ ချမ်းသာကြွယ်ဝမှုကိုဝေမျှသင့်ကြောင်း မတ်လ ၆ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်၏ ကြွယ်ဝချမ်းသာမှုကွာဟချက် နည်းပါးစေရေး သမ္မတရှီ၏ အထင်ကရ လုပ်ဆောင်ချက်ဖြစ်သည့် ဘုံကြွယ်ဝမှုအတွက်  လိုက်နာဆောင်ရွက်ရမည့်ပုံစံနှင့် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ပါဝင်ရမည့်ပုံစံနှင့်ပတ်သက်ပြီး  တရုတ်နှင့်နိုင်ငံခြားပုဂ္ဂလိကကုမ္ပဏီများက အစိုးရ၏ အသေးစိတ်အချက်အလက်များကို စောင့်မျှော်နေကြသည်။

စီးပွားရေးကဏ္ဍကိုယ်စားပြုသည့် အစိုးရအကြံပေးများနှင့် တံခါး ပိတ်တွေ့ဆုံမှုတွင် ရှီက ပုဂ္ဂလိကကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ မျိုးချစ်စိတ်ရှိကြရန်နှင့် ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ကြရန် လွှတ်တော်နှစ်ပတ်လည်အစည်းအဝေးအတွင်း တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင်ရေဒီယိုက မတ်လ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အကျိုးစီးပွားမျှဝေသော အသိုင်းအဝိုင်းဖြစ်စေရန် ပုဂ္ဂလိကကုမ္ပဏီများသည် တိုးတက်မှုအသီးအပွင့်များကို ဝန်ထမ်းများနှင့် ညီတူညီမျှ မျှဝေသင့်ကြောင်း ရှီက ပြောကြားခဲ့သည်။ 

“တိုးတက်အောင်လုပ်ပြီး သူများတွေကို အကျိုးပြုပါ၊ မေတ္တာထား ဝေမျှပါ” ဟု ရှီက နိုင်ငံပိုင် ရေဒီယိုမှ ထုတ်လွှင့်ခဲ့သည်။
ပုဂ္ဂလိကကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအား မိသားစုအဖြစ် တရုတ်အစိုးရက အမြဲသဘောထားပြီး ပုဂ္ဂလိက ကုမ္ပဏီများကို တရားမျှတစွာ မယှဉ်ပြိုင်နိုင်စေရန်ဟန့်တားသည့် အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများကို ဖယ်ရှားသွားမည်ဖြစ်ကြောင်းလည်း ရှီက ကတိပြုခဲ့သည်။

တရုတ်နိုင်ငံ၌ ဒီဇင်ဘာလတွင် ရုပ်သိမ်းခဲ့သည့် ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့်  အိမ်ခြံမြေ၊ နည်းပညာနှင့် ပုဂ္ဂလိကပညာရေးလုပ်ငန်းများအပေါ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၏ ဖိနှိပ်မှုတို့မှ နာလန်ပြန်ထူလာသော ပုဂ္ဂလိက ကဏ္ဍကိုလည်း ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း တရုတ်အစိုးရက ကတိပြုထားသည်။

ရှီက တရုတ်နိုင်ငံရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲများအတွက် အနောက်နိုင်ငံများအား အပြစ်တင်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly