သမ္မတရှီကျင့်ဖျင်လက်ထက်တွင် နည်းပညာကုမ္ပဏီများအပေါ် နှိပ်ကွပ်မှုကြောင့် တရုတ်သူဌေးများ အထိနာ 

By ANI 
30 March 2023
သမ္မတရှီကျင့်ဖျင်လက်ထက်တွင် နည်းပညာကုမ္ပဏီများအပေါ် နှိပ်ကွပ်မှုကြောင့် တရုတ်သူဌေးများ အထိနာ 

သမ္မတရှီကျင့်ဖျင်သည် မကြုံစဖူး တတိယအကြိမ်မြောက် ရာထူးသက်တမ်း စတင်တာဝန်ထမ်းဆောင်စဉ် တရုတ်၏ နိုင်ငံရေးအခြေအနေမှာ ရေရာမှု မရှိသေးသလို စီးပွားရေးကျဆင်းမှုနှင့် ရှုပ်ထွေးသောမူဝါဒများကြောင့် ချမ်းသာသူများသည် နိုင်ငံအတွင်း ဆက်လက်နေထိုင်ရန် သင့်၊ မသင့် စဉ်းစားလာကြသည်ဟု Modern Diplomacy သတင်းတွင် ဖော်ပြထားသည်။

တရုတ်ရှိ ပုဂ္ဂလိကကဏ္ဍအပေါ် စီးပွားရေးသြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုသည် ပုဂ္ဂလိကကဏ္ဍ ချဲ့ထွင်မှုနှင့် စီးပွားရေးလုပ်ငန်းအပေါ် ယုံကြည်မှုကို လျော့ကျစေသည်။

နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တညီတညွတ်တည်း ထောက်ခံမှုကို ရရှိပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မတ် ၁၀ ရက်တွင် တတိယအကြိမ်မြောက် သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရပြီး မော်စီတုံးနောက်ပိုင်း နိုင်ငံတွင် အာဏာအရှိဆုံး ခေါင်းဆောင်အဖြစ် ၎င်း၏ အနေအထားကို ခိုင်မာစေခဲ့သည်။ 

တရုတ်တွင် လွန်ခဲ့သည့် ၂ နှစ်အတွင်း ထုတ်ပြန်ခဲ့သော စည်းမျဉ်းစည်းကမ်းမူဝါဒများသည် လတ်တလော ဖြေလျှော့နိုင်ဖွယ်မရှိသေးပေ။ ကိုယ်စားလှယ်များနှင့် မတ် ၆ ရက်က တွေ့ဆုံစဉ် ရှီက စီးပွားရေးခေါင်းဆောင်များအနေဖြင့် ဥပဒေကို လေးလိုက်နာရန်နှင့် ဘုံသာယာဝပြောရေးကို ပံ့ပိုးရန် တာဝန်ရှိကြောင်း သတိပေးပြောကြားခဲ့ခြင်းသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် ချမ်းသာကြွယ်ဝသူများကို အလွတ်မပေးဘဲ ပစ်မှတ်ထားမည်ဖြစ်ကြောင်း အတိအလင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

သမ္မတ ရှီကျင့်ဖျင်၏ တင်းကျပ်သော ဓနဥစ္စာ ဖြိုခွင်းမှုများကြောင့် မတရားဖမ်းဆီးခြင်း၊ သိမ်းယူခြင်း သို့မဟုတ် အကွက်ဆင်စွဲချက်တင်ခြင်း ပြုလုပ်ခံရမည်ကို စိုးရိမ်နေကြရသည်။ အဆိုပါ စိုးရိမ်မှုများကြောင့် ကျိကျိတက်ချမ်းသာသည့် တရုတ်သူဌေးကြီးများသည် ရွှေ့ပြောင်းအခြေချရန် စဉ်းစားလာကြသည်။

ယမန်နှစ်အတွင်း ဘီလျံနာ သူဌေးစာရင်းမှ ဖယ်ရှားခံရသူ ၄၄၅ ဦးအနက် အများစုဖြစ်သည့် လူ ၂၃၀ နီးပါးသည် တရုတ်နိုင်ငံမှဖြစ်ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ၂၀၂၃ ခုနှစ်အတွက် Hurun Global သူဌေးစာရင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒများ၊ ဆင်ဆာဖြတ်တောက်မှု၊ စီးပွားရေး တုံ့ဆိုင်းမှုနှင့် အခက်အခဲများအပေါ် စိတ်ပျက်ပြီး တရုတ်နိုင်ငံတွင် ရှားရှားပါးပါး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး နောက်ဆုံးတွင် အတိုက်အခံများမှာ အပြင်းအထန် ဖြိုခွင်းခံခဲ့ရသည်။ 

ရန်လိုမှုများ တိုးလာသော နိုင်ငံတကာ ဆက်ဆံရေးကြောင့် တရုတ်ကုမ္ပဏီများသည် ပြည်တွင်း၌ရော အမေရိကန်ကပါ ပြင်းထန်သော စိစစ်ကြပ်မတ်မှုများနှင့် ရင်ဆိုင်နေရသည့်အတွက် စီးပွားလုပ်ကိုင်လိုစိတ် ကျဆင်းလာကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly