ရှီကျင့်ဖျင်က အတိုက်အခံများလှုပ်ရှားခွင့်မရအောင် အာဏာကို ဆုပ်ကိုင်ထား 

By ANI 
20 March 2023
ရှီကျင့်ဖျင်က အတိုက်အခံများလှုပ်ရှားခွင့်မရအောင် အာဏာကို ဆုပ်ကိုင်ထား 

တရုတ်သမ္မတ ရှီမကျင့်ဖျင်၏ အာဏာချုပ်ကိုင်မှုသည် အတိုက်အခံများ လှုပ်ရှားခွင့်မသာအောင် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ၎င်း၏ အင်အားနှင့် လုံခြုံရေးဆိုင်ရာ သဘောထားမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း  Nikkei Asia သတင်းတွင် ဖော်ပြထားသည်။

တတိယမြောက်သမ္မတသက်တမ်းကို ရယူထားသည့် ရှီကျင့်ဖျင်သည် တရုတ်စစ်တပ်ကို အားကောင်းခိုင်မာစေရန်နှင့် ပြည်တွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် ဆောင်ရွက်လိုသည့် ဆန္ဒကို အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ငံတော် ကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့အားလုံး ခေတ်မီရေး ဆောင်ရွက်ရန် ရှီ၏ တိုက်တွန်းမှုသည် အမေရိကန်ထံ သတင်းစကားပါးခြင်းဖြစ်သည်။ သို့သော် အင်အားကြီးနိုင်ငံတည်ဆောက်ရေးကို တရုတ်က အလေးထားလာလေလေ အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုဆိုးရွားလာလေလေ ဖြစ်သည်။ တင်းမာမှုများသည် ထိန်းချုပ်လို့မရသည်အထိ မဖြစ်သင့်ကြောင်း Nikkei Asia တွင် ဖော်ပြထားသည်။

ထိုင်ဝမ်နှင့်ပတ်သက်ပြီး အမျိုးသားပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို ခိုင်ခိုင်မာမာ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ကတိပြုခဲ့သည်။ ထိုင်ဝမ်လွတ်လပ်ရေးအတွက် ဆောင်ရွက်သည့် ပြင်ပစွက်ဖက်မှုနှင့် လှုပ်ရှားမှုများကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ရှီက အလေးအနက် ပြောကြားခဲ့သည်။

သြဇာကြီးမားသော တရုတ်ခေါင်းဆောင်သည် ၂၀၂၄ ခုနှစ် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ မည်ကဲ့သို့ဆောင်ရွက်လာမည်ကို မသိနိုင်သေးပေ။ ၎င်း၏ လှုပ်ရှားဆောင်ရွက်မှုတိုင်းကို စောင့်ကြည့်ပြီး အမေရိကန်၊ ဂျပန်နှင့် တရုတ်၏ အိမ်နီးချင်းများသည် ဟန့်တားမှုကို တိုးမြှင့်ရန်လိုအပ်သည်ဟု Nikkei Asia တွင် ဖော်ပြထားသည်။

ထို့ပြင် ရှီကျင့်ဖျင်သည် ဝန်ကြီးချုပ်သစ် လီချန်းကဲ့သို့ လူယုံတော်များဖြင့် မိမိကိုယ်ကိုယ် ဝိုင်းရံထားသည်။ ရှီ၏ အာဏာရရှိရေးဆောင်ရွက်ချက်မှာ စိုးရိမ်စရာဖြစ်သည်။ အကယ်၍ တရုတ်သည် လမ်းမှားသို့ ရောက်ရှိသွားပါက ကမ္ဘာတစ်ဝန်း ဂယက်ရိုက်မှုများ အထင်အရှား ဖြစ်ပေါ်လာနိုင်ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

ထို့ပြင် လီက အစိုးရအဖွဲ့သစ်သည် ပုဂ္ဂလိကလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
“နိုင်ငံတကာစံနှုန်းတွေနဲ့အညီ စျေးကွက်စီးပွားရေးနဲ့ ဥပဒေကိုအခြေခံတဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဆက်လက် ဖော်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် ကျဲ့ကျန်းပြည်နယ်မြို့တော် ဟန်ကျိုးတွင် အာဏာပိုင်များက နည်းပညာကုမ္ပဏီကြီး Alibaba Group Holding ၏ လုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်ခဲ့ပြီး ယခုလည်း စွက်ဖက်နေဆဲဖြစ်သည်။ တရုတ်နိုင်ငံတစ်ဝန်းတွင် အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူပိုင်လုပ်ငန်းများသည် ပုဂ္ဂလိကကုမ္ပဏီများကို ထိန်းချုပ်ထားကြသည်။ မြေပြင် အခြေအနေမှန်များသည် လီချန်းချမှတ်ထားသော လမ်းနှင့် ပြောင်းပြန်ဖြစ်နေသည်။

ပုဂ္ဂလိကကုမ္ပဏီများအပေါ် ဖိအားပေးမှုများ လျော့ကျခြင်းမရှိလျှင် နိုင်ငံတကာကုမ္ပဏီများသည် နိုင်ငံအတွင်း လုံခြုံစိတ်ချစွာ ရင်းနှီးမြှုပ်နှံနိုင်မည်မဟုတ်ပေ။ ရင်းနှီးမြှုပ်နှံမှုများ မရှိတော့လျှင် ၂၀၂၃ ခုနှစ်အတွက် တရုတ်နိုင်ငံက ချမှတ်ထားသည့် စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်းနီးပါး ရရှိရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း Nikkei Asia တွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly