ကရင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည် ၅၀,၀၀၀ နီးပါး ရှိလာ

ကရင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည် ၅၀,၀၀၀ နီးပါး ရှိလာ

ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်တွင် စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များကြား တစ်လကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ဘေး ရှောင်နေရသည့် ဒုက္ခသည် ဦးရေ ၅၀,၀၀၀ နီးပါး ရှိလာပြီဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (Karen Human Rights Group) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုစောနန္ဒဆူးက မဇ္ဈိမကို ပြောသည်။

စစ်ပြေးဒုက္ခသည် ငါးသောင်းနီးပါးသည် KNU ၏ ခရိုင်လေးခု ဖြစ်သည့် တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၅) မူတြော်ခရိုင်နှင့် တပ်မဟာ (၆) ဒူးပလာယာ ခရိုင် တို့က ဖြစ်ကြပြီး တပ်မဟာ (၆) တွင်လည်း စစ်ရှောင်များ ထပ်တိုးနိုင်သည့် အနေအထား ရှိနေ ကြောင်း ၎င်းက ပြောသည်။

စစ်ရှောင်အများစုသည် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ကမ်း တစ်လျှောက်ကို ထွက်ပြေး တိမ်းရှောင် ခဲ့ကြသည်။

နယ်စပ်တစ်လျှောက် ထွက်ပြေး လာသူများကို ကရင်လူထု အခြေပြု အဖွဲ့များက ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်နိုင်သော်လည်း ကော့ကရိတ်၊ ရွာသစ်မြို့ဟောင်းဘက် ထွက်ပြေး တိမ်းရှောင်သူများကိုမူ လုံခြုံရေး အခြေအနေကြောင့် ထောက်ပံ့နိုင်ခြင်း မရှိကြောင်း၊ ထိုနေရာတွင် ကျန်ရှိနေသူများမှာ အကူအညီ မဲ့နေကြာင်း Karen Human Rights Group (KHRG) ၏ စစ်တမ်းအရ သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံ နယ်စပ်ဘက်ကို တိမ်းရှောင်ရသူ ၃၀၀၀ မှ ၅၀၀၀ ဝန်းကျင် ရှိနေပြီး ထိုင်းနိုင်ငံဘက်ကလည်း စစ်ရှောင်များကို ကူညီ ထောက်ပံ့ပေးလျက် ရှိသည်။ သို့သော် နယ်စပ်ဖြတ်ကျော်ရေးအတွက်မူ အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု စစ်ရှောင် သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် နေရာထိုင်ခင်း၊ အမိုးအကာ၊ အဓိက အားဖြင့် စားနပ်ရိက္ခာများ လိုအပ်နေဆဲ ဖြစ်ပြီး သက်ကြီးရွယ်အိုများ အတွက်မူ အရေးပေါ်ဆေးဝါးနှင့် အာဟာရ ဖြစ်စေမည့် အစားအစာများ ရောက်ရှိလာရေး အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

ယင်းအပြင် စစ်ရှောင်များတွင် မွေးကင်းစ ကလေးငယ်များလည်း ပါရာ ၎င်းတို့အတွက် အနှီး အပါအဝင် အခြား အသုံးအဆောင်များလည်း လိုအပ်နေသည်။

ကော့ကရိတ်မြို့နယ်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေကာ နှစ်ဖက် အကျအဆုံးများလည်း ရှိနေသည်။ စစ်ကောင်စီဘက်က ကျဆုံးမှု အရေအတွက်ကို မသိသေးသော်လည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဘက်က နှစ်ဦး ကျဆုံးကာ လေးဦး ဒဏ်ရာ ရထားကြောင်း ကရင်ပြည်နယ် ကျားဖြူတပ်ခွဲ (၂) တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုဇေယျာလွင်က မဇ္ဈိမနှင့် အင်တာဗျူးတွင် အတည်ပြုပြောသည်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ တိုက်ပွဲဖြစ်သည့် ပြည်နယ် နှင့် တိုင်းများက စစ်ဘေး ဒုက္ခသည်များကို ပြန်လည် နေရာချထားရေးများ ဆောင်ရွက်နေကြောင်း RFA သတင်းဌာန ကို ဖြေဆိုထားသည်။

သို့သော် ဒုက္ခသည်များ ခိုလှုံနေသည့် စစ်ဘေးရှောင် စခန်းများကိုပါ စစ်ကောင်စီက မြေပြင် ကသာမက လေကြောင်းကပါ ထိုးစစ်ဆင်ပြီး တိုက်ခိုက်လျက် ရှိနေသည်။

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဇန်နဝါရီလ ၁၃ ရက်နေ့က စ၍ တိုက်ခိုက် ခဲ့သည်မှာ နှစ်ရက် နှင့် နှစ်ည ကြာခဲ့သည်။ ထိုတပ်စခန်းသည် စစ်ဘေးရှောင်များကို ထားရှိသည့် စစ်စခန်းလည်း ဖြစ်သည်။

“ကရင်မှာဆိုရင် စစ်ရှောင်တွေရဲ့ အနေအထားက လေကြောင်း ထိုးစစ်တွေ မရပ်ဘူးဆိုရင် ပြန်ဖို့ မပြောနဲ့ စစ်ဘေးရှောင်တွေ ပိုများလာမယ်။ ဘယ်သူကများ စိတ်လုံခြုံတော့မလဲ။ ကျေးလက်တွေမှာ လုံခြုံရေး အနေအထားတွေက လုံးဝ ပျက်ပြားသွားပြီ။ ပြည်သူတွေ အထူးသဖြင့် အမြဲ ဖိနှိပ်ခံနေရတဲ့ တိုင်းရင်းသားတွေက စစ်ကောင်စီရဲ့ ပြောစကားတွေ၊ ပြန်လည် နေရာချထားပေးရေးတွေ အယုံအကြည် မရှိပါဘူး။ မြေပြင်နဲ့ တခြားစီပဲ ” ဟု KHRG မှ ကိုစောနန္ဒဆူးက ပြောသည်။

ကရင် အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ဖြစ်သည့် မြဝတီ ခရိုင်အတွင်းရှိ လေးကေ့ကော် မြို့သစ်၌ NLD ပါတီ၏ လွှတ်တော်အမတ်များ၊ CDM ပြုလုပ်နေသူများနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ခိုလှုံနေသည်ဟု အကြောင်းပြပြီး စစ်ကောင်စီက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရှာဖွေဖမ်းဆီးရာမှ စတင်ပြီး KNLA ၊ KNDO ၊ PDF အဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် တိုက်ပွဲကာလ တစ်လကျော် ကြာလာပြီး စစ်ဘေးရှောင်များလည်း ၅၀,၀၀၀ နီးပါးအထိ ရှိလာပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly