တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကွန်မြူနစ်ပါတီအပေါ် ၎င်း၏ ချုပ်ကိုင်မှုကို ဆက်ထိန်းထားနိုင်ရေး စိတ်စောလျက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကွန်မြူနစ်ပါတီအပေါ် ၎င်း၏ ချုပ်ကိုင်မှုကို ဆက်ထိန်းထားနိုင်ရေး စိတ်စောလျက်ရှိ

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံ ကျင်းပရန် နီးကပ်လာနေခြင်းနှင့်အတူ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကွန်မြူနစ်ပါတီအပေါ် ၎င်း၏ ချုပ်ကိုင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် စိတ်စောလျက်ရှိကြောင်း တရုတ်အစိုးရနှင့်သဘောထားကွဲလွဲဆန့်ကျင်သူတစ်ဦးဖြစ်သည့် ကျန်းလီ ယန်းက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ အပါအ၀င် ကပ်ဘေးဒုက္ခတစ်ခုခုနှင့် ကမ္ဘာလုံးဆိုင်ရာ အပျက်သဘောဆောင် တုံ့ပြန်မှု တစ်ခုခုတို့ကြောင့် နိုင်ငံကို ပါတီက ထိန်းချုပ်ထားမှုနှင့် ပါတီအပေါ် ၎င်း၏ ချုပ်ကိုင်မှုပိုင်းတွင် တစုံတရာ လျော့ရဲမှု မရှိစေရေး သေချာစေရန် သမ္မတ ရှီဘက်က ဆန္ဒရှိနေသည်ဟု ၎င်းက ပြောသည်။

ရှီကျင့်ဖျင်၏ တရုတ်ကွန်မြူနစ်ပါတီ ရာပြည့်အထိမ်းအမှတ် မိန့်ခွန်းထဲတွင် ၎င်းအနေဖြင့် ဒုတိယမြောက် ရာပြည့်အထိမ်းအမှတ်တစ်ခုအထိ CCP ကို ဦးဆောင်သွားရန် အသင့်ရှိကြောင်းကို အသားပေးပြောခဲ့ကြောင်း Citizen Power Initiatives for China အဖွဲ့ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သည့် ကျန်းလီက Washington Times တွင် ဖော်ပြသည့် အတွေးအမြင် ဆောင်းပါးတစ်ခုတွင် ပြောခဲ့သည်။

ဒုတိယမြောက် ရာပြည့်သည် ၂၀၄၉ ခုနှစ်တွင် ကျရောက်မည်ဖြစ်သည်။ ယင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်မှု နှစ် ၁၀၀ ပြည့်မြောက်မည်ဖြစ်သည်။

ရှေ့လာမည့် အရေးပါသော ရည်မှန်းချက်ပန်းတိုင်ဆီ ပါတီ၏ ရှေ့ဆက်ချီတက်သွားမှုဆိုင်ရာ ၎င်း၏ အစီအစဥ်များအတွက် CCP ၏ အတိုက်အခံမရှိသော ရာထူးနေရာက အဓိကကျကြောင်းကို ရှီက ဇူလိုင် ၁ ရက် မိန့်ခွန်းထဲတွင် ၀န်ခံထားခဲ့ကြောင်း ကျန်းလီက ပြောသည်။

“ရှေ့ကို ဆက်ချီတက်လှမ်းမှုက အဆင့်တွေနဲ့ သွားပါလိမ့်မယ်၊ ရှီဟာ အာဏာ ခိုင်မာကျစ်လျစ်မှုကနေ အာဏာ တီထွင်ဆန်းသစ်မှုဆီ ပြောင်းလဲ အာရုံစိုက်နေပါတယ်၊ ရှေ့လာမယ့် အဆင့်ကတော့ ၂၀၂၂ အောက်တိုဘာနဲ့ နို၀င်ဘာမှာ လုပ်မယ့် CCP ရဲ့ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံအတွင်း စတင်မှာဖြစ်ပါတယ်၊ အဲဒါပြီးရင် နောက်တစ်ခုကတော့ ၂၀၂၇ မှာ ဖြစ်မြောက်မယ့် ၂၁ ကြိမ်မြောက် ညီလာခံဆီ ဦးတည်ပါလိမ့်မယ်၊ အချိန်၊ နေရာနဲ့ပတ်သက်လို့ တရုတ်ရဲ့ နားလည်လက်ခံထားမှုပိုင်းမှာ ဆယ်စုနှစ်တစ်ခုဆိုတာ သေးငယ်တဲ့ ကာလတစ်ခုဖြစ်ပါတယ်” ဟု ကျန်းလီက မှတ်ချက်ပြုသည်။

ဟောင်ကောင်၊ တိဘတ်တို့တွင် တရုတ်၏ အကြင်နာမဲ့သည့် လုပ်ရပ်များအပြင် အချို့က လူမျိုးတုန်းသတ်ဖြတ်မှုဟုပင် အဓိပ္ပါယ်ဖွင့်မှုများ ရှိနေခဲ့သည့် ရှင်ကျန်းဒေသရှိ တာကစ် စကားပြော ၀ီဂါမွတ်ဆလင်လူနည်းစုအပေါ် ယင်း၏ ရာဇ၀တ်မှုကျူးလွန်သည့် ပြုမူလုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး နိုင်ငံတကာက အာရုံစိုက်နေသည့် အချိန်ကာလတစ်ခု၌ CCP ၏ ရာပြည့် အထိမ်းအမှတ် အခမ်းအနားများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ပြည်တွင်း၌မူ တရုတ်၏ စီးပွားရေးသည် မကြုံစဖူး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ထားခဲ့ရသလို အလုပ်လက်မဲ့မှုများ ထူပြောမှုကြောင့် အုံ့ပုန်း မငြိမ်သက်မှု အခြေအနေတစ်ရပ်လည်း ထွက်ပေါ်ထားခဲ့ကြောင်း ကျန်းလီက ထောက်ပြသည်။

“ကျွန်တော်တို့ရဲ့ အ‌ရှေ့မှာ ရှိနေတဲ့ ရှီရဲ့ ခရီးအသစ်ကတော့ မူ တစ်ခုတည်းအပေါ်မှာ မူတည်ပါတယ် “ကျွန်တော်တို့ဟာ ပါတီရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုကို အတည်ပြုထိန်းသိမ်းရလိမ့်မယ်၊ တရုတ်ကွန်မြူနစ်ပါတီ မရှိရင် တရုတ်နိုင်ငံသစ်လည်း ရှိမှာမဟုတ်သလို အမျိုးသား အားသစ်လောင်းမှုလည်း ရှိမှာမဟုတ်ဘူး ဆိုတဲ့ မူပဲ ဖြစ်ပါတယ်” ဟု ကျန်းလီက ပြောသည်။

မိန့်ခွန်း၏ အသားပေးမှုက နိုင်ငံရေးအပေါ်တွင် မဟုတ်ဘဲ ပါတီပေါ်တွင်သာ ရှိခဲ့သည်ဟု ကျန်းလီက ပြောသည်။ သမ္မတရှီသည် ၎င်း၏ သမ္မတရာထူး အဆုံးမရှိဖြစ်စေရေးအပေါ် နှောင့်ယှက်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး များများစားစား ပြောဆိုခဲ့ခြင်း မရှိဟု ၎င်းက ဖြည့်စွက်ပြောသွားခဲ့သည်။

တရုတ်သမ္မတ ရှီသည် ၎င်း၏ ရည်ရွယ်ချက်အစီအစဥ်များကို လျှိုထားခဲ့ပြီး ဟောင်ကောင်၊ မကာအိုနှင့်ပတ်သက်ပြီး သိရှိထားပြီးသား ရပ်တည်ချက်များကို ထပ်လောင်းပြောခဲ့သည်။ “ကျွန်တော်တို့ဟာ ဟောင်ကောင်၊ မကာအိုအပေါ်မှာ အလုံးစုံ စီရင်ပိုင်ခွင့်ကို ဗဟိုအစိုးရက ကျင့်သုံးနိုင်စေရေး သေချာအောင် လုပ်ရပါလိမ့်မယ်၊ အမျိုးသားလုံခြုံရေးကို စောင့်ရှောက်ကာကွယ်ဖို့ အထူး အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခုအတွက်

ဥပဒေစနစ်တွေနဲ့ ဥပဒေစိုးမိုးရေး ယန္တရားတွေကို အကောင်အထည်ဖော်ရပါလိမ့်မယ်” ဟု ရှီက မိန့်ခွန်းထဲတွင် ပြောခဲ့သည်။

ထို့ပြင် ရှီသည် ၎င်း၏ BRI စီမံကိန်း သို့မဟုတ် ၎င်း၏ အိန္ဒိယ သမုဒ္ဒရာ မဟာဗျူဟာနှင့်ပတ်သက်ပြီး ရည်ညွှန်းပြောခဲ့ခြင်း မရှိကြောင်း ကျန်းလီက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required