ဗိုင်းရပ်စ်စည်းမျဉ်း တင်းကြပ်လိုက်လို့ စင်ကာပူ လမ်းတွေ တိတ်ဆိတ်ခြောက်ကပ် 

ဗိုင်းရပ်စ်စည်းမျဉ်း တင်းကြပ်လိုက်လို့ စင်ကာပူ လမ်းတွေ တိတ်ဆိတ်ခြောက်ကပ် 
Photo - AFP

မေ ၁၇

စင်ကာပူနိုင်ငံမှာ တင်းကြပ်လိုက်တဲ့ ဗိုင်းရပ်စ် စည်းမျဉ်းစည်းကမ်းတွေ တနင်္ဂနွေနေ့မှ စတင်အသက်ဝင်တာကြောင့် အချက်အခြာ စည်းကားတဲ့ အရပ်တွေက လမ်းတွေဟာ တိတ်ဆိတ်ခြောက်ကပ်သွားပြီး လဟာပြင် စားသောက်ဆိုင်တွေရဲ့ စားပွဲတွေဟာလည်း အလွတ်ချည်း ကျန်နေပါတော့တယ်။ 

ပြည်တွင်း ကူးစက်မှု မြင့်တက်လာတာကို ထိန်းချုပ်ဖို့ နောက်ထပ် စည်းမျဉ်းတင်းကြပ်တာအဖြစ် မြို့ပြနိုင်ငံ စင်ကာပူမှာ စားပွဲဝိုင်းဖွဲ့ စားသောက်တာနဲ့ လူနှစ်ဦးထက် မပိုရ ကန့်သတ်ချက်တွေကို ကြေညာထးတာပါ။ 

တနင်္ဂနွေနေ့ကစလို့ ငါးဦးကနေ နှစ်ဦးထက် မပိုရ လူစုမှုကို ကန့်သတ်တာကြောင့် အားလုံးသော အလုပ်သွားလာ အလုပ်သမားဝန်ထမ်းတွေအနေနဲ့ ခုလို နှစ်ဦးထက် မပိုဘဲ သွားလာကြရမှာ ဖြစ်ပါတယ်။ ဇွန်လ ၁၃ ရက်အထိ ချမှတ်ထားမယ့် အခု စည်းမျဉ်းစည်းကမ်း လုပ်ငန်းစဉ်တွေဟာ စင်ကာပူနိုင်ငံအတွက် အဆိုးဆုံး စီးပွားရေး ဆုတ်ကပ် ခံစားခဲ့ရတဲ့ မနှစ်က တစ်စိတ်တစ်ပိုင်း လော့ဒေါင်းချတဲ့ ကာလတွင်းကအတိုင်းပဲ ဖြစ်ပါတယ်။ 

တစ်စိတ်တစ်ပိုင်း လော့ဒေါင်းနဲ့ တင်းကြပ်တဲ့ စမ်းသပ်စစ်ဆေးမှု စနစ်တွေ ချအပြီး စင်ကာပူမှာ ကိုဗစ်-၁၉ ဟာ ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့တာပါ။ 

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း လေဆိပ်မှာ တစ်ဦး အပါအဝင် လူ ၄၆ ဦး တွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် လူအစုလိုက် တွေ့ရှိမှုအချို့ ပြန်လည်ဖြစ်ပွားလာခဲ့တာပါ။  

ခုလို ပြည်တွင်း ကူးစက်မှု မြင့်တက်တာနဲ့ ကြုံလာရတာကြောင့် မေ ၂၆ ရက်မှာ စတင်ဖို့ရှိတဲ့ စင်ကာပူနဲ့ ဟောင်ကောင်ကြား ကွာရန်တင်း ဝင်စရာမလိုဘဲ ခရီးသွားလာမှု အစီအစဉ်ကိုလည်း ပယ်ဖျက်ပစ်ရဖို့ ရှိနေပါတယ်။ 

ကူးစက်မှု မြင့်တက်တာကြောင့် စင်ကာပူအနေနဲ့ ဟောင်ကောင်နဲ့ ခရီးသွား အစီအစဉ်ဟာ မဖြစ်ဖို့ များသွားပါပြီလို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး Ong Ye Kung က ပြောပြီး ဆုံးဖြတ်ချက်ကိုတော့ လာမယ့် အပတ်မှာ ချမှတ်မယ်လို့ ဖြည့်စွက်ပြောပါတယ်။ 

ကူးစက်မှု မြင့်တက်တာ ထိန်းချုပ်ဖို့အတွက် စင်ကာပူဟာ လူစု အရွယ်အစားကို လျှော့ချထားပြီးဖြစ်သလို အားကစားရုံတွေကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပိတ်ခိုင်းထားပြီး ဖြစ်ပါတယ်။ 

ကြာသပတေးနေ့မှာတော့ လေဆိပ်ဆိုက်ရောက်ရာမှ ခရီးသည်ဝင်ရောက်မှုကို အာဏာပိုင်တွေဟာ တားမြစ်ပိတ်ပင်ပြီး အနီးက ရှော့ပင်းမောလ်တစ်ခုကို ဝန်ထမ်း ၉၀၀၀ နီးပါးကို စမ်းသပ်စစ်ဆေးနေပြီး ပိတ်ခိုင်းခဲ့ပါတယ်။ 

စင်ကာပူမှာ မနှစ်က လူနေထူထပ်ပြီး ဝင်ငွေနည်း ပြည်ပအဆောင်နေ အလုပ်သမားတွေကြား ကူးစက်မှု မြင့်တက်လို့ ကိုရိုနာဘေး ကူးစက်ဖြစ်ပွားမှုကို တိုက်ဖျက်ခဲ့ရပြီး လူထောင်သောင်းများစွာ ကူးစက်ခဲ့ပါတယ်။ 

ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာအရဆို လူဦးရေ ၅ ဒသမ ၇ သန်းရှိရာ မြို့မှာ ကူးစက်သူ ၆၁၀၀၀ နီးပါးနဲ့ သေဆုံးသူ ၃၁ ဦးပဲ ရှိတာကြောင့် ဖြစ်ပွားမှုဘေး မပြင်းထန်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly