လှေစီးပြေးရိုဟင်ဂျာ ၁၇၀ ဦး အင်ဒိုနီးရှားကို ထပ်မံရောက်ရှိလာ

By ရိုက်တာ
03 December 2023
လှေစီးပြေးရိုဟင်ဂျာ ၁၇၀ ဦး အင်ဒိုနီးရှားကို ထပ်မံရောက်ရှိလာ
Photo-AFP

လှေစီးပြေးရိုဟင်ဂျာ ၁၇၀ ဦး သည် ဒီဇင်ဘာ ၂ ရက်က အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာကြောင်း ဒေသခံငါးဖမ်းအစုအဖွဲ့တခု၏ အကြီးအကဲဖြစ်သူက ပြောသည်။ ယင်းသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မွတ်စလင် လူနည်းစု ရိုဟင်ဂျာ ၁,၀၀၀ ကျော် အင်ဒိုနီးရှားသို့ ရောက်ရှိခဲ့ပြီးနောက် ယခုတဖန် နောက်ထပ် ရိုဟင်ဂျာများ လှေဖြင့် ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။

နှစ်စဉ် နိုဝင်ဘာနှင့် ဧပြီလအကြား ပင်လယ်ပြင်လှိုင်းလေငြိမ်ချိန်တွင် ဖိစီးနှိပ်စက်ခံ လူနည်းစုဝင်များသည် သစ်သားလှေများဖြင့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် အင်ဒိုနီးရှားသို့ ထွက်ခွာတတ်ကြသည်။

ယခုနောက်ဆုံး ဆိုက်ရောက်လာသည့် ရိုဟင်ဂျာ အစုအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် မနက်အရုဏ်မတိုင်ခင်က ဆာဘန်းကျွန်းရှိ လီ မီအူလီ ကမ်းခြေသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား၏ အနောက်ဘက်စွန်း အာချေးပြည်နယ်ရှိ ငါးဖမ်းအစုအဖွဲ့ အကြီးအကဲ မစ်ဖ်တာ ကတ် အက်ဒီက ရိုက်တာကို ပြောသည်။

“ခုရောက်လာသူတွေထဲမှာ အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပါတယ်။ သူတို့ဟာ အင်မတန် အားနည်းနေတဲ့ အခြေအနေမှာ ရှိနေတယ်” ဟု အက်ဒီက ပြောသည်။

အင်ဒိုနီးရှားသည် ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းတွင် ပါဝင်လက်မှတ်ထိုးထားသည့် နိုင်ငံ မဟုတ်သော်လည်း ယင်းနိုင်ငံ၏ ကမ်းခြေများသို့ ဆိုက်ရောက်လာသည့် ဒုက္ခသည်များကို လက်ခံပေးသည့် သမိုင်းတခု ရှိသည်။

နှစ်များကြာအတွင်း ရိုဟင်ဂျာတို့သည် ဗုဒ္ဓဘာသာဝင်အများစုရှိရာ မြန်မာနိုင်ငံမှ ထွက်ခွာထားခဲ့ကြသည်။ မြန်မာတွင် ၎င်းတို့သည် များသောအားဖြင့် တောင်အာရှမှ လာသည့် ပြည်ပသူစိမ်းများအဖြစ် ရှုမြင်ခံရပြီး နိုင်ငံသားအဖြစ် ငြင်းဆန်ခံရကာ ဖိစီးနှိပ်စက်မှုကိုလည်း ခံထားရသည်။

၂၀၁၇ ခုနှစ်က မြန်မာတွင် စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုတရပ်ကြောင့် ထွက်ပြေးခဲ့ကြသူ အများစု အပါအဝင် ရိုဟင်ဂျာ တသန်းနီးပါးသည် ဘင်္ဂလားဒေ့ရှ် နယ်စပ် ကော့ဇ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly