မြန်မာ့အကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာရန် အာဆီယံဥက္ကဋ္ဌ တိုက်တွန်း

မြန်မာ့အကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာရန် အာဆီယံဥက္ကဋ္ဌ တိုက်တွန်း

မြန်မာ့အကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာရန် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားက ဇူလိုင် ၁၂ ရက်တွင် တိုက်တွန်းပြောကြားသည်။ အာဆီယံအဖွဲ့သည် စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး စည်းလုံးညီညွတ်သော ရပ်တည်ချက်သဘောထားတစ်ရပ် ပုံဖော်ရန် ဒုတိယမြောက်နေ့ ဆွေးနွေးမှုများကို ယနေ့ လုပ်ဆောင်သည်။

မြန်မာတွင် ပြီးခဲ့သည့် နှစ်နှစ်ကျော်အကြာက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီး ၎င်းတို့ကို ဆန့်ကျင်အတိုက်အခံပြုသူများအပေါ် သွေးထွက်သံယို လူမဆန် ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ပြီးကတည်းက နိုင်ငံသည် လူသေဆုံးသော အကြမ်းဖက်မှုဒဏ် ခံထားရသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအုပ်စုသည် ထိရောက်မှုမရှိသော ဆွေးနွေးပြောဆိုရာ နေရာတစ်ခုအဖြစ် ကာလကြာကတည်းက ဝေဖန်ခံထားရပြီး လက်ရှိတွင်လည်း မြန်မာအကျပ်အတည်း ပြေလည်အောင် ဖြေရှင်းရေး သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး သဘောကွဲလွဲမှုများ ဆက်ရှိနေသည်။

“နိုင်ငံရေးအရ အဖြေရှာတာကသာလျင် ခိုင်မြဲတဲ့ ငြိမ်းချမ်းမှုဆီ ဦးတည်ပါလိမ့်မယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက ဂျကာတာတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဒုတိယနေ့ အဖွင့်အမှာစကားပြောကြားစဉ် ပြောသည်။

“မြန်မာမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာ၊ မြင့်တက်နေတာတွေကို တွေ့ရလို့ မိမိတို့ အင်မတန်မှ စိုးရိမ်ပူပန်နေရဆဲပါ။ အကြမ်းဖက်မှုတွေကို ရှုတ်ချဖို့ သက်ဆိုင်သူအားလုံးကို မိမိတို့ အခိုင်အမာ တိုက်တွန်းပါတယ်။ ဒါက ယုံကြည်မှု တည်ဆောက်ဖို့အတွက် အဓိကကျပါတယ်”
မြန်မာတွင် တိုက်ခိုက်နေကြသော အဖွဲ့အုပ်စုများအကြား ဆွေးနွေးညှိနှိုင်းမှု ပြန်စရေးနှင့် ဆွေးနွေးညှိနှိုင်းသော နိုင်ငံရေး သဘောတူညီချက်တစ်ခုကသာလျှင် နှစ်နှစ်ကျော်ကြာ ဝရုန်းသုန်းကား အခြေအနေများကို ပြေလည်အဆုံးသတ်စေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်လိမ့်မည် ဆိုသည့် အာဆီယံ၏ ရပ်တည်ချက်သဘောထားကို အင်ဒိုနီးရှား ထိပ်တန်းသံတမန်က ထပ်လောင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်စရေး တောင်းဆိုသည့် ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေး အာဆီယံ၏ ကြိုးပမ်းမှုများက အချည်းနှီးဖြစ်နေခဲ့သည်။ မြန်မာအာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတကာ၏ ဝေဖန်မှုကို လျစ်လျူရှုနေပြီး အတိုက်အခံများနှင့် ဆွေးနွေးရန် ငြင်းဆန်ထားသည်။

အများသဘောဆန္ဒ ရယူရေးနှင့် ကြားဝင် မစွက်ရေး ဆိုသည့် ယင်း၏ ပဋိညာဉ် မူများကြောင့် အာဆီယံ၏ ဆောင်ရွက်ချက်များအပေါ် အကန့်အသတ်ဖြစ်စေသည်။

အာဆီယံဝန်ကြီးများသည် ဆွေးနွေးပွဲ ဒုတိယမြောက်နေ့တွင် မြန်မာနှင့်ပတ်သက်၍ ပူးတွဲ ရပ်တည်ချက်သဘောထားတစ်ရပ် ရရှိစေရေး ကြိုးပမ်းနေကြဆဲဖြစ်ပြီး ထုတ်ပြန်ချက်ကို ဗုဒ္ဓဟူးနေ့ အစည်းအဝေးပြီးချိန်တွင် ထုတ်ပြန်လိမ့်မည်ဟု အရှေ့တောင်အာရှ သံတမန်တစ်ဦးက ပြောသည်။

အာဆီယံသည် မြန်မာကို တက်ခွင့်ပိတ်ပင်ထားသည့် ယင်း၏ တရားဝင် အဆင့်မြင့်လယ်ဗယ် အစည်းအဝေးများ၌ ယင်း၏ ညီညွတ်သော ရပ်တည်ချက်တစ်ရပ်ကို ပြသရန် ကြိုးပမ်းထားခဲ့သည်။ သို့သော် ထိုင်းနိုင်ငံက ပြီးခဲ့သည့်လတွင် မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ပြီး အလွတ်သဘော အစည်းအဝေး ကျင်းပခြင်းကြောင့် အာဆီယံအုပ်စုအတွင်း သဘောကွဲလွဲမှုများကို ထပ်မံဖြစ်ပေါ်စေခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ တက်ရောက်ခြင်း မရှိခဲ့သည့် ထို အစည်းအဝေးနှင့်ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့တွင် မာဆုဒီက ဝေဖန်ခဲ့ပုံရသည်။

“ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မှုက အာဆီယံရဲ့ အာရုံစိုက်မှုအဖြစ် ဆက်ရှိနေသင့်ပါတယ်” ဟု သူမက ပြောသည်။ “တခြားသော ကြိုးပမ်းမှုမှန်သမျှကလည်း ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မှုကို ထောက်ခံရပါလိမ့်မယ်”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required