အင်ဒိုနီးရှားတွင် စက်လှေ နစ်မြုပ်၍ လူ ၁၅ ဦး သေဆုံးပြီး ၁၉ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားတွင် စက်လှေ နစ်မြုပ်၍ လူ ၁၅ ဦး သေဆုံးပြီး ၁၉ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ကမ်းခြေ၏ မလှမ်းမကမ်း ပင်လယ်ပြင်တွင် သစ်သားစက်လှေတစ်စင်း နစ်မြုပ်ပြီးနောက် လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး အခြား ၁၉ ဦး ပျောက်ဆုံးနေကြောင်း ရှာဖွေကယ်ဆယ်ရေးတာဝန်ရှိသူများက ဇူလိုင် ၂၄ ရက်တွင် ပြောသည်။

လူ ၄၀ ဦး လိုက်ပါသွားသော ထိုစက်လှေသည် တနင်္ဂနွေနေ့ ညသန်းခေါင်အချိန်အကျော်တွင် နစ်မြုပ်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု အင်ဒိုနီးရှား၏ ရှာဖွေကယ်ဆယ်ရေး အေဂျင်စီရုံးက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

လူခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် စက်လှေ နစ်မြုပ်ရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု ယင်းက ပြောသည်။

“လောလောဆယ်မှာတော့ လူ ၁၉ ယောက်ကို ရှာဖွေနေရဆဲဖြစ်ပါတယ်” ဟု ဆူလာဝေစီ ကျွန်း၏ အရှေ့တောင်ဘက်ရှိ ကန်ဒါရီမြို့မှ အရပ်ဖက် ရှာဖွေကယ်ဆယ်ရေးအေဂျင်စီရုံး၏ အကြီးအကဲ မိုဟာမက် အရာဖာဟ်က ပြောသည်။

ရှာဖွေရေးအဖွဲ့တစ်ဖွဲ့က မတော်တဆမှုဖြစ်ပွားရာ နေရာတစ်ဝိုက်တွင် ရေငုပ်ရှာဖွေသွားမည် ဖြစ်ပြီး အခြားအဖွဲ့တစ်ဖွဲ့က လှေများ သုံးကာ ရေပြင်တွင် ရှာဖွေသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ စက်လှေသည် ဘက်တန်ကျွန်း၏ လန်တို ရွာမှ ဆူလာဝေစီ အရှေ့တောင်ဘက်ရှိ မူနာကျွန်း၏ လက်ဂီလီ ရွာသို့ ဦးတည်ဖြတ်ကျော်မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း အေဂျင်စီက ပြောသည်။

ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှုအတွက် ကယ်ဆယ်ရေးသမားများကို စေလွှတ် ဖြန့်ကျက်ထားသည့် ပုံများနှင့် ဒေသဆေးရုံတစ်ခု၌ တာပေါ်လင်စပေါ်တွင် တွေ့ရသည့် သေဆုံးသူအလောင်းတချို့၏ ရုပ်ပုံများကို အေဂျင်စီက ဖော်ပြသည်။

အင်ဒိုနီးရှားတွင် လှေ၊ သင်္ဘောတစ်စင်းတွင် ပါရှိသည့် ခရီးသည်စာရင်းနှင့် အမှန်တကယ် လိုက်ပါစီးနင်းသူ ခရီးသည်အရေအတွက်သည် အများအားဖြင့် မတူကွဲလွဲနေတတ်သည်။

ကျွန်းပေါင်း ၁၇,၀၀၀ ခန့်နှင့် ဖွဲ့စည်းထားသည့် အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံတွင် ပင်လယ်ရေကြောင်း မတော်တဆမှုများက မကြာခဏဆိုသလို ဖြစ်ပွားတတ်ပြီး အဆိုပါ နိုင်ငံတွင် ဘေးအန္တရာယ်ဆိုင်ရာ စံနှုန်းများ အားနည်းသော်လည်း ဖယ်ရီသင်္ဘောများနှင့် လှေငယ်များကို ပြည်သူများက ခရီးသွားလာရာတွင် အားကိုးအားထားပြုနေကြရလျက် ရှိသည်။

15 dead, 19 missing after Indonesia ferry sinks
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly