မြန်မာအရေး ဖြေရှင်းရာ၌ အပြန်အလှန် ဆွေးနွေးပွဲကို အင်ဒိုနီးရှား တိုက်တွန်း

မြန်မာအရေး ဖြေရှင်းရာ၌ အပြန်အလှန် ဆွေးနွေးပွဲကို အင်ဒိုနီးရှား တိုက်တွန်း
Photo-AFP

မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အဓိက သက်ဆိုင်သူအားလုံးကြား အမျိုးသားအဆင့် ကျယ်ပြန့်သည့် အပြန်အလှန်ဆွေးနွေးပွဲတစ်ရပ်အတွက် အင်ဒိုနီးရှားနိုင်ငံက တွန်းအားပေးလျက် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ရတ်နို မာဆူဒီက သောကြာနေ့တွင် ပြောသည်။

မတူကွဲပြားသည့် အဖွဲ့အစည်းများကြား ယုံကြည်မှု တည်ဆောက်နေပြီး ကွဲပြားမှုများ ကျဉ်းမြောင်းအောင် ကူညီပေးနေချိန်မှစကာ ကနဦး စေ့စပ်ညှိနှိုင်းများ ရှိနေပြီး ဆက်လက်ဖော်ဆောင်နေသည်ဟု သူမက ဆိုသည်။

မိမိတို့အနေဖြင့် အကြမ်းဖက်မှုများ လျှော့ချရေးကို တွန်းအားပေးနေပြီး အင်အားသုံးခြင်းကိုလည်း မနှစ်မြို့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

သို့ရာတွင် “စေ့စပ်ညှိနှိုင်းနေမှုများသည် ပန်းတိုင်မဟုတ်ဘဲ တာရှည်မြဲမည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ရေး ကျယ်ပြန့်သော အပြန်အလှန် ဆွေးနွေးမှု ပန်းတိုင်ဆီ ရောက်ရှိနိုင်ရေးသာ ဖြစ်ကြောင်း” ၎င်းက မှတ်ချက်ပြုသည်။

ဂျကာတာရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရတ်နိုက သတင်းထောက်များအား ပြောဆိုခြင်း ဖြစ်သည်။ လက်ရှိအချိန်သည် အမျိုးသားအဆင့် ကျယ်ပြန့်သည့် ဆွေးနွေးပွဲတွင် ပါဝင်ရေးအတွက် အဖွဲ့အသီးသီးကို တွန်းအားပေးနေသည့် အချိန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ “မြန်မာမှာ အဖွဲ့အသီးသီးက ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် ကျယ်ပြန့်တဲ့ အပြန်အလှန် ဆွေးနွေးပွဲကသာ ရှေ့ဆက်နိုင်မယ့် တစ်ခုတည်းသော လမ်းကြောင်းပဲ၊ ပြင်ပက အဖွဲ့အစည်းတွေအားလုံးအနေနဲ့လည်း မြန်မာမှာ ကျယ်ပြန့်တဲ့ အပြန်အလှန် ဆွေးနွေးပွဲ ပေါ်ပေါက်ရေးကို တွန်းအားပေးရမှာ ဖြစ်တယ်”ဟု သူက ပြောသည်။

လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားသည် ပြီးခဲ့သည့် ခုနစ်လတာအတွင်း မြန်မာမှ သက်ဆိုင်သူများနှင့် လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှ ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ အကြိမ် ၁၁၀ ချိတ်ဆက်ဆွေးနွေးမှု ရှိထားသည်ဟုလည်း ၎င်းက ထပ်လောင်းဆိုသည်။

ဝန်ကြီး ရတ်နိုအနေဖြင့် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် အဝေးရောက် NUG အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း လူကိုယ်တိုင် တွေ့ဆုံမှုများ ရှိထားသည်။

ထို တွေ့ဆုံမှုများတွင် ကျယ်ပြန့်သော အပြန်အလှန် ဆွေးနွေးပွဲ အရေးကြီးကြောင်းကို အသိပေးခဲ့ကြောင်း ၎င်းက ပြောသည်။

မြန်မာဆိုင်ရာ အထူသံတမန်၏ အာဆီယံဥက္ကဋ္ဌရုံးကလည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်တွေ့မှုများ ဆောင်ရွက်လျက် ရှိသည်။

ယင်း အင်ဒိုနီးရှားသည် မြန်မာ၏ အိမ်နီးချင်း နိုင်ငံများနှင့် အခြား အဓိကကျသူများနှင့်ပါ ချိတ်ဆက်ဆွေးနွေးမှုများ ရှိထားကြောင်း သိရသည်။

အဓိက အဖွဲ့များနှင့် ချိတ်ဆက်ဆွေးနွေးမှုသည် ၂၀၂၁ ဧပြီလအတွင်းက အာဆီယံက သဘောတူထားသော ငြိမ်းချမ်းရေး အစီအစဉ် ငါးရပ်ကို အကောင်အထည်ဖော်ရေး၌ အဓိက ကျသည်ဟု ရတ်နိုက ပြောသည်။

ယင်း ဘုံသဘောတူညီချက် ငါးရပ်သည် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်ရေး၊ စေ့စပ်ညှိနှိုင်းမှုများ ချောမွေ့ရန် အာဆီယံ အထူးသံတမန် ခန့်ထားရေး၊ လူသားချင်း စာနာထောက်ထားရေး အကူအညီများ လက်ခံရေး၊ အာဆီယံကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး မြန်မာက သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရေးတို့ကို တိုက်တွန်းထားခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့ကြီးအနေဖြင့် အကြီးဆုံးသော ဒေသတွင်း အကျပ်အတည်းဖြစ်သည့် မြန်မာ့အရေး ဖြေရှင်းမှုတွင် နှေးကွေးပြီး ထိရောက်မှုမရှိဟု စွပ်စွဲခံနေရသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required