အာဆီယံ ပူးတွဲကြေညာချက် စစ်ကောင်စီ ကန့်ကွက်

By မဇ္ဈိမ 
17 July 2023
အာဆီယံ ပူးတွဲကြေညာချက် စစ်ကောင်စီ ကန့်ကွက်

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံကြေညာချက်ကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက်နေ့က ကန့်ကွက်ပယ်ချ လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျင်းပခဲ့တဲ့ (၅၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်ပါ မြန်မာ့အရေး ဖော်ပြချက်အချို့က “အာဆီယံပဋိညာဉ်ပါမူကြီးများနဲ့ မကိုက်ညီဘူး” ဆိုပြီး လက်မခံဘဲ ကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှု၊ အရပ်ဘက်အဆောက်အအုံ တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီကတော့ ဒီကြေညာချက်ဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကြိုးပမ်းမှုကို ထည့်သွင်းမစဉ်းစားဘဲ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်တယ် လို့ ဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲကြညာချက် မူကြမ်းကို ညှိနှိုင်းတဲ့အချိန်မှာ စစ်ကောင်စီအနေနဲ့ ပါဝင်ဆွေးနွေးခဲ့ပေမယ့် ကြေညာချက်ထုတ်ပြန်ချိန်မှာ ပြင်ဆင် ဖြည့်စွက်လိုတဲ့အချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျစ်လျူရှုခဲ့တယ်လို့ စစ်ကောင်စီက သဘောထားထုတ်ပြန်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required