အင်ဒိုနီးရှားတွင် မီးခိုးမြူဖုံးမှုကြောင့် စာသင်ကျောင်းများ ပိတ်

အင်ဒိုနီးရှားတွင် မီးခိုးမြူဖုံးမှုကြောင့် စာသင်ကျောင်းများ ပိတ်
Peatland မီးလောင်ကျွမ်းမှုသည် အိမ်နီးချင်း ဂျမ်ဘီပြည်နယ်ရှိ တောင်ဆူမားတြား Ogan Ilir တစ်လျှောက် ပျံ့နှံ့သွားသည် / Photo:AFP

အင်ဒိုနီးရှားနိုင်ငံက လူဦးရေ ထောင်ပေါင်းများစွာ ရှိသော မြို့တမြို့တွင် သစ်ဆွေးမြေများ မီးလောင်ခြင်းကြောင့် ဖြစ်ပေါ်သည့် မီးခိုးမြူဖုံးခြင်းကြောင့် စာသင်ကျောင်းများကို သုံးရက်တာ ပိတ်ထားကြောင်း မြို့တော်ဝန်ဖြစ်သူက ပြောသည်။

ရှည်ကြာသော ခြောက်သွေ့ရာသီကြောင့် ကျွန်းစုနိုင်ငံရှိ အဓိက ကျွန်းများတွင် တောမီးလောင်ခြင်း ဘေးအန္တရာယ်များ မြင့်တက်လျက် ရှိပြီး မကြာသေးသော နှစ်များက အိမ်နီးချင်း မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ သက်ရောက်ခဲ့သည့် မီးခိုးမြူဖုံးသော သစ်တောမီးလောင်ခြင်းများ ထပ်၍ ဖြစ်လာမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေသည်။

အနောက်ပိုင်း ဆူမတြားကျွန်းရှိ လူဦးရေ ၆၀၀,၀၀၀ နီးပါး နေထိုင်ရာ ဂျမ်ဘီမြို့တွင် အဆိပ်ဖြစ် မီးခိုးများကြောင့် ကျောင်းသားကျောင်းသူများကို အိမ်မှပင် အွန်လိုင်းမှ သင်ကြားရစေသည်။

“ထူထပ်တဲ့ မီးခိုးတွေကြောင့် မူလတန်းကနေ အထက်တန်းအထိ ကျောင်းသားကျောင်းသူတွေကို အိမ်မှာပဲ စာသင်ကြားခိုင်းရတယ်”ဟု မြို့တော်ဝန် ဆိုင်ယာရစ်ဖျာရှာက ဂျမ်ဘီမြို့ခန်းမ၌ သတင်းထောက်များအား ပြောသည်။

ကျောင်းများကို တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ ပိတ်ထားမည်ဖြစ်ပြီး မီးခိုးမြူများ ဆက်လက်ဖြစ်ပေါ်နေပါက ထပ်ပိတ်ရလိမ့်မည်ဟု ၎င်းက ဆိုသည်။

မီးလောင်မှုကြောင့် မီးခိုးမြူဖုံးရသည်ဟု အာဏာပိုင်များက အသေးစိတ်မဆိုဘဲ ပြောသည်။ သစ်ဆွေးမြေများ မီးလောင်မှုသည် အိမ်နီးချင်း ပါလမ်ဘန်ပြည်နယ်တွင် တလကျော်မက ရှိနေပြီ ဖြစ်သည်။

ဂျမ်ဘီမြို့က လေထုအရည်အသွေးသည် တနင်္လာနေ့၌ အဆုတ်ထဲ အမှုန်အမွား ဝင်ရောက်နိုင်သည့် အဆင့်အဖြစ် 154PM2.5 နှုန်းထား ရှိနေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော နှစ်ပတ်လည် ကျန်းမာရေးနှင့် လေထုအရည်အသွေးထက် ၁၁ ဒသမ ၄ ဆ ပိုနေကာ ကျန်းမာရေးနှင့် မညီညွတ်သည့် အဆင့် ဖြစ်သည်။

လေထုအရည်အသွေး ဆိုးဝါးနေ၍ နှာခေါင်းစည်း တပ်ဆင်ရန်နှင့် ပြင်ပထွက်ခြင်းများ လျှော့ချရန် ဒေသခံများကို ဌာနေအစိုရက တိုက်တွန်းထားသည်။

လမ်းများနှင့် ဈေးများတွင် နှာခေါင်းစည်းများ လိုက်ဝေနေသည်ကိုလည်း အေအက်ဖ်ပီသတင်းထောက်တဦးက မြင်တွေ့ခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly