တိုးတက်မှု မရှိသော်လည်း မြန်မာ့ငြိမ်းချမ်းရေးကို အာဆီယံက လက်မလျှော့ဟု အင်ဒိုနီးရှား ပြော

တိုးတက်မှု မရှိသော်လည်း မြန်မာ့ငြိမ်းချမ်းရေးကို အာဆီယံက လက်မလျှော့ဟု အင်ဒိုနီးရှား ပြော

လွန်ခဲ့သော နှစ်နှစ်က အာဆီယံအသင်းကြီးနှင့် သဘောတူထားသော ငြိမ်းချမ်းရေး အစီအစဉ်ကို မြန်မာ အာဏာသိမ်း စစ်ကောင်စီက အကောင်အထည်ဖော်ခြင်း မရှိသော်လည်း အဖွဲ့ဝင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေး ကြိုးစားနေမှုများကို အရှေ့တောင်အာရှ၏ အသင်းအဖွဲ့ အာဆီယံအနေဖြင့် လက်လျှော့လိမ့်မည် မဟုတ်ကြောင်း အင်ဒိုနီးရှားက ကြာသပတေးနေ့တွင် ပြောသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံတွင် မြန်မာအရေးနှင့် ပတ်သက်ကာ အချို့သော အဖွဲ့ဝင်များကြား ခံပြင်းမှုများ မြင့်တက်နေပြီး မြန်မာနိုင်ငံက သွေးထွက်သံယို နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေအပေါ် မည်သို့ ကိုင်တွယ်မည်ဆိုခြင်းက အာဆီယံ၏ ထိရောက်မှုနှင့် စည်းလုံးမှုတို့အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

အင်ဒိုနီးရှားနိုင်ငံ လာဘူအန် ဘာဂျိုတွင် ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေး၌ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံ ငြိမ်းချမ်းရေး မူငါးချက်ကို မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ဖော်ဆောင်ခြင်း မရှိကြောင်း ၎င်း၏ ဝေဖန်ချက်အား ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုများကို သည်းခံမည် မဟုတ်သကဲ့သို့ အကြမ်းဖက်မှုများ ရပ်တန့်သင့်ပြီး ပြည်သူများကို ကာကွယ်ပေးသင့်ကြောင်းလည်း ၎င်းက ပြောသည်။

အင်ဒိုနီးရှားသည် ယခုနှစ်၏ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ရတ်နို မာဆူဒီက ဒီမိုကရေစီ အခြေခံသဘောတရားနှင့် ဥပဒေစိုးမိုးရေးသည် အာဆီယံ ပဋိဉာဉ်၌ ပါရှိကြောင်း ထိပ်သီးအစည်းအဝေးသို့ ပြောသည်။

“တိုးတက်မှုတွေ ချို့တဲ့တာဟာ ကျွန်မတို့အနေနဲ့ လက်လျှော့သင့်ပြီလို့ ဆိုလိုတာ မဟုတ်ဘူး”ဟု ထိပ်သီးအစည်းအဝေး အပိတ်၌ ရတ်နိုက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအား စစ်တပ်က ဖြုတ်ချခဲ့ချိန်မှစကာ အကြမ်းဖက်မှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိသည်။

ယင်း အာဏာသိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြမှုများ ဖြစ်ပွားပြီး စ်တပ်က ဖြိုခွင်းသည်။ ယင်းနောက်ပိုင်း စစ်တပ်သည် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ကြိုးစားသော လက်နက်ကိုင် တိုင်းရင်းသား လူနည်းစုအဖွဲ့များနှင့် မဟာမိတ် ဒီမိုကရေစီ လိုလားသော တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်လျက် ရှိနေသည်။

မြန်မာစစ်တပ်၏ နောက်ဆုံး လူအသေအဆုံးအများဆုံး လေကြောင်းတိုက်ခိုက်မှု၌ လူ ၁၀၀ ကျော် သေဆုံးခဲ့သည်ကို အာဆီယံက ပြီးခဲ့သည့်လ၌ ရှုတ်ချခဲ့သည်။ စစ်ကောင်စီကမူ “အကြမ်းသမားများ”ကို တိုက်ခိုက်ခြင်းဟု ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.reuters.com/world/asia-pacific/asean-must-show-unity-tackle-...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly