ဓာတ်ဆီဈေး စံချိန်တင်မြင့်တက်ပြီး မန္တလေးတွင် ဆီပြတ်လပ်မှုဖြစ်

By 007(မဇ္စျိမ)
06 December 2023
ဓာတ်ဆီဈေး စံချိန်တင်မြင့်တက်ပြီး မန္တလေးတွင် ဆီပြတ်လပ်မှုဖြစ်
ပုံစာ မန္တလေးတွင် ဓာတ်ဆီတန်းစီ၀ယ်ယူနေရသည့်အခြေအနေပြန်ဖြစ်လာ

ပြည်တွင်းစက်သုံးဆီ(အောက်တိန်းဓာတ်ဆီ)စျေး စံချိန်တင်မြင့်တက်သွားပြီးနောက်၊ မန္တလေးမြို့ကအရောင်း ဆိုင်တော်တော်များများတွင်၊ ဆီပြတ်လပ်မှုဖြစ်ပေါ်နေကြောင်း စက်သုံးဆီ၀ယ်ယူရောင်းချသူများထံက သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ကစ၍ ဓာတ်ဆီ(အောက်တိန်း 92/95)စျေးစံချိန်တင်မြင့်တက်ခဲ့ရာမှ၊ ငါးရက်ဆက်တိုက် အမြင့်စျေးဖြင့် တန့်နေပြီးနောက်၊ ယမန်နေ့(ဒီဇင်ဘာ ၅ ရက်)တွင် ဆီပြတ်လပ်မှုနှင့်စတင်ကြုံတွေ့နေရခြင်း ဖြစ်သည်။

“ဆိုင်ကြီးတွေကလွဲပြီး တော်တော်များများက ဆီပြတ်သွားပြီ၊ တချို့က ဆီရှိကြောင်း ဆိုင်းဘုတ်မီးသာလင်းထားတာ၊ ဆီမရှိဘူး၊ ဆိုင်ထဲ၀င်တာနဲ့လက်ခါပြတယ်၊ တချို့တော့ ဆိုင်ပိတ်ထားကြတယ်၊ ဆီ ၃၀,၀၀၀ ဖိုးရဖို့ မနက်မိုးလင်းကတည်းက မြို့ပတ်ခဲ့ရတယ်” ဟု မြို့ခံအငှားယာဉ်မောင်းတဦးက ပြောသည်။

ပုံစာ မန္တလေးတွင် ဓာတ်ဆီတန်းစီ၀ယ်ယူနေရသည့်အခြေအနေပြန်ဖြစ်လာ

ဒီဇင်ဘာလ ၅ ရက်နေ့ကစ၍ စက်မှုဇုန်လုပ်ငန်းရှင်များကို၊ မိမိအစီအစဉ်ဖြင့်သာ စက်သုံးဆီတင်သွင်းရန် စစ်ကောင်စီကအမိန့်ထုတ်ပြန်လိုက်ပြီးနောက်၊ ပြည်တွင်းဓာတ်ဆီစျေးနှုန်းသည် လက်ရှိထက် တလီတာလျှင် ကျပ်သုံးရာကျော်အထိ စျေးနှုန်းမြင့်တက်သွားသည်။

စက်သုံးဆီတင်သွင်းရန်အတွက် ကျသင့်ငွေ၏ ၅၀ ရာခိုင်နှုန်းကို တဒေါ်လာ ၂၁၀၆ ဒသမ ၃ ကျပ်နှုန်းဖြင့် ဗဟိုဘဏ်ကရောင်းချပေးနေခြင်းကို ဒီဇင်ဘာလ ၁ ရက်နေ့ကစ၍ ရပ်လိုက်ခြင်းကြောင့်လည်း၊ ရုတ်တရက်စျေးထိုးတက်သွားခြင်းဖြစ်ကြောင်း စျေးကွက်လေ့လာသူများက ဆိုသည်။

“စျေးတက်တာရယ် ပစ္စည်းပြတ်တာရယ် နှစ်ချက်ပေါ့နော်၊ စျေးတက်တာက ဗဟိုဘဏ်စျေးနဲ့ ဒေါ်လာမရတော့ လို့၊ ဆီပြတ်ရခြင်းအကြောင်းရင်းကျတော့၊ ရန်ကုန်(သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်းရှိ Terminal များ)မှာ ဆီထုတ်ရအခက်အခဲတွေကြောင့်ပါ၊ ဒီတခါဆီစျေးတက်တာက မနှစ်ကထက်ကို စံချိန်တင်တယ်” ဟု စက်သုံးဆီအရောင်းဆိုင်တခုမှ အမည်မဖော်လိုသူ တာ၀န်ရှိပုဂ္ဂိုလ်ကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တရိပ်ရိပ်မြင့်တက်လာခဲ့သည့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ယမန်နှစ် ဧပြီလနှောင်းပိုင်းတွင် စံချိန်တင်(ပုံမှန်ထက် တလီတာလျင် ကျပ် ၁၀၀ ၀န်းကျင်)မြင့်တက်ခဲ့ဖူးသည်။

ပုံစာ မန္တလေးတွင် ဓာတ်ဆီတန်းစီ၀ယ်ယူနေရသည့်အခြေအနေပြန်ဖြစ်လာ

“အဲဒီတုန်းက တက်လှချည်လားမှတ်တာ၊ အခုတက်တဲ့ပုံစံနဲ့ယှဉ်လိုက်တော့ သုံးဆကျော်ကွာသွားပြန်ရော၊ သူတို့(စစ်ကောင်စီ)ထိန်းနေရင်းနဲ့ကို စျေးကတနှစ်ထက် တနှစ်စံချိန်တင်တက်နေတာ၊ ရွှေစျေးဒေါ်လာစျေးလည်း သူတို့ထိန်းနေရင်းနဲ့ကို တက်ပြီးရင်းတက်နေတာ” ဟု စျေးကွက်စောင့်ကြည့်လေ့လာသူတဦးက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီဘက်ကတော့ ယခုတကြိမ်စက်သုံးဆီစျေးနှုန်းစံချိန်တင်မြင့်တက်မှု၊ ဆီပြတ်လပ်မှုတို့နှင့်ပတ်သက်၍ တစုံတရာထုတ်ဖော်ပြောဆိုလာခြင်းမရှိသေးပေ။

ပြီးခဲ့သည့် နို၀င်ဘာတလလုံး၊ မန္တလေးစက်သုံးဆီ(ဓာတ်ဆီ)အရောင်းဆိုင်များတွင်၊ 92 တလီတာလျှင် ၂,၂၅၀ ကျပ်၀န်းကျင်၊ 95 တလီတာလျှင် ၂,၃၅၀ ကျပ်၀န်းကျင်ဖြင့် ရောင်းချခဲ့ရာမှ၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင်၊ 92 က ၂,၅၆၀ ကျပ်နှင့် 95 က ၂,၆၉၀ ကျပ် အထိစျေးမြင့်တက်ခဲ့ပြီး၊ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့အထိ အတက်စျေးဖြင့်တန့်နေသည်။

ဒီဇယ်ဆီစျေးနှုန်းမှာ ထူးထူးခြားခြားစျေးမြင့်တက်ခြင်းမရှိသေးပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly